ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉နဲ့ တရားစွဲခံရသူ ၃ ဦးကို စတင်စစ်ဆေး
2018.12.13

ပိတ်မိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်ရေး တောင်းဆိုခဲ့တဲ့ ဦးဆောင်သူတွေ ထောင်ဒဏ်ချမှတ် ခံလိုက်ရတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြခဲ့တဲ့သူ ၃ ဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားတဲ့အမှုကို မြစ်ကြီးနားမြို့နယ်တရားရုံးက ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
တရားလိုဘက်က သက်သေ ငါးဦးကို ဒီနေ့ စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်းမှာတော့ တရားခံတွေကို စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ တရားလိုဘက်က သက်သေထွက်ဆိုရာမှာ ဆန္ဒပြခဲ့တဲ့အချိန်၊ နေရာနဲ့ ကိုင်ဆောင်တဲ့ စာသားတွေ မှားယွင်းထွက်ဆိုခဲ့တယ်လို့ တရားစွဲခံရသူ မဆွတ်ဆိုင်းထွယ်က ရုံးချိန်းအပြီးမှာ ပြောပါတယ်။
တိုက်ပွဲတွေတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေး ဆန္ဒပြတောင်းဆိုသူတွေကို အသရေဖျက်မှုနဲ့ ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် တရားမျှတမှုမရှိဘူးဆိုပြီး မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်၊ ကိုဆိုင်းခွမ်အောင်တို့ ဦးဆောင်ပြီး ဒီဇင်ဘာ ၇ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးကနေ မနောကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ ကြပါတယ်။
အဲဒီလို ဆန္ဒပြရာမှာ သက်ဆိုင်ရာဌာနကို ခွင့်ပြုချက်မတင်ခဲ့တာကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉နဲ့ မြို့နယ်ရဲ တပ်ဖွဲ့ ရဲမှူး မြင့်မိုးက တရားလိုပြုလုပ်ပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ထောင်ဒဏ်ချမှတ်ခံရတဲ့ သူ ၃ ဦးကို ချက်ချင်းလွှတ်ပေးဖို့ ဒီဇင်ဘာ ၁၁ ရက်နေ့က ခွင့်ပြုမိန့်တင်ပြီး မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့ပေမယ့် ခွင့်ပြုမိန့်စာမှာ မပါတဲ့ စာသားတွေ၊ ထောင်ချခံရသူ ၃ ဦးပုံနဲ့ အသံချဲ့စက် လောစပီကာ စတဲ့ ခွင့်ပြုချက်မှာ မပါတဲ့ပစ္စည်တွေ အသုံးပြုခဲ့တဲ့တွက် ဦးဆောင်သူ ၂ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ နဲ့ မြို့နယ်ရဲ တပ်ဖွဲ့မှူး က ထပ်မံတရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်းပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကယ်တင်နိုင်ရေး ဧပြီလကုန်က မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ရာမှာ ဦးဆောင်သူ ဦးလွမ်းဇောင်း၊ဦးဇော်ဂျတ်၊ ဒေါ်နန်ပူတို့ကို မြစ်ကြီးနား မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်း ဒီဇင်ဘာလ ၇ ရက်နေ့က အမိန့်ချလိုက်တာဖြစ်ပါတယ်။
သူတို့ ၃ ဦး လွတ်မြောက်ရေးအတွက် ဒီနေ့ အယူခံတက်ခဲ့ပေမယ့် မြစ်ကြီးနားမြို့ ခရိုင်တရားရုံးက ပယ်ချလိုက်တဲ့အတွက် အယူခံကို ပြည်နယ်အဆင့် ဆက်လက်တင်သွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက RFA ကိုပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။