ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံနေရတဲ့ ရွေးကောက်ပွဲအမှု တရားလိုစတင်စစ်ဆေး
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူတို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ ပတ်သက်လို့ ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ တရားလိုကို ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာသုံးတယ် ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ - က အမှုအတွက် တရားလိုအဖြစ် စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင် ကို စတင်စစ်ဆေးခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို စစ်ကောင်စီက မီဒီယာတွေနဲ့ ဆက်သွယ်ပြောဆို ခွင့် ပိတ်ပင်ထားလို့ ဒီနေ့ ထွက်ဆိုချက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီအမှုဟာ ရိုးရှင်းတဲ့အမှုဖြစ်လို့ ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ထားပြီး တရားလိုပြသက်သေ အယောက် ၂၀ ကိုလည်း အပတ်စဉ် တနင်္လာနေ့တိုင်း ကြားနာပြီးတော့ ဧပြီလ ၁၈ ရက်နေ့ အပြီးစစ်ဆေးမယ်လို့ ယခင်ရုံးချိန်းရက်တွေက တရားရုံးမှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးမှာ ဆုံးဖြတ်ထားပါတယ်။
အမှုနဲ့ပတ်သက်လို့ နောက်တစ်ပတ် တနင်္လာနေ့ ဖေဖော်ဝါရီ ၂၁ ရက်ကို ပြန်လည် ချိန်းဆိုထားပါတယ်။
အခုစွဲဆိုထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ - က ဟာ ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိပေမဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီး ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။
လောလောဆယ်မှာတော့ အဲဒီအမှုတွေထဲက အမှု ငါးမှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပါတယ်။