ကိုထင်ကျော်၊ ဦးဝင်းချိုနဲ့ ကိုဝေဠုတို့အမှုတွေ ရုံးထုတ်စစ်ဆေး


2014.05.20
kohtinkyaw-305.jpg ကိုထင်ကျော်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ မတ်လ ၂ဝ ရက်နေ့က ရုံးထုတ်စစ်ဆေးစဉ်
Photo: Kyaw Htoon Naing/RFA

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့  လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို နဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုဝေဠုတို့ကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင် ရာ ပုဒ်မ ၁၈ နဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ တရားလိုမရှိဘဲ သူတို့ ၂ ဦးကို တရား သူကြီးက တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့ စွဲချက်တင်လိုက်တယ်လို့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ကိုဝေဠုက ပြောပါတယ်။

"ဒီနေ့တော့ တရားသူကြီးအနေနဲ့ပေါ့နော် အမှုစစ် ချက်ကိုစပြီးတော့ အမှုစွဲဆိုလိုက်ပြီပေါ့၊ အမှုစွဲဆို တဲ့အကြောင်းကို ပြောလာတယ်၊ ထူးခြားမှုက ဘာလဲဆိုတော့ ကျနော်တို့ အမှုစွဲဆိုလိုက်တဲ့ အမှုဖြစ်စဉ်မှာ တရားလိုအဖြစ်ဆောင်ရွက်တဲ့ ရဲက ယနေ့အချိန်အထိ ရုံးချိန်းတစ်ခု မှ ရောက်မလာဘူး၊ အခုတရားရုံးက စွဲဆိုလိုက်တဲ့အမှုမှာ အဓိကကျတဲ့ တရားလိုမရှိဘဲနဲ့ စွဲဆိုခံရတယ်၊ စွဲချက်တင်ခံရတဲ့ အမှု ဖြစ်နေတယ်လို့ ပြောချင်ပါတယ်"

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဦးဝင်းချိုနဲ့ ကိုဝေဠုတို့ဟာ လျပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ဆန္ဒပြခဲ့ကြတာဖြစ်ပြီး သူတို့ ၂ ဦးရဲ့ရုံးချိန်းကို လာမယ့် မေလ ၂၇ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအစိုးရအပေါ် အယုံအကြည်မရှိဆိုပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့ ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ကိုထင်ကျော်ကို သင်္ဃန်းကျွန်းမြို့နယ်အပြင် တောင်ဥက္ကလာပ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ ၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ် ၁၁ မြို့နယ်တွေက ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆို ထားတယ်လို့ သိရပါတယ်။

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုထင်ကျော်ရဲ့အမှု ရုံးထုတ်စစ်ဆေးမှုနဲ့ ဦးဝင်းချိုနဲ့ ကိုဝေဠု တို့အမှု ရုံးထုတ်စစ်ဆေး မှုတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။