ဒုက္ခသည်အရေး လှုပ်ရှားသူ ၃ ဦးအမှု အယူခံပြင်ဆင်ချက် ပြည်နယ်တရားလွှတ်တော် လက်ခံ
2018.12.27

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ်ကျပ် ၅ သိန်းစီ ချမှတ်ခံရတဲ့ ၃ ဦးရဲ့အမှု အယူခံပြင်ဆင်ချက်ကို ပြည်နယ်တရားလွှတ်တော်က ဒီကနေ့ ပြန်လည် လက်ခံလိုက်တယ်လို့ သိရပါတယ်။
အဲဒီအမှုအတွက် မြစ်ကြီးနား ခရိုင်တရားရုံးက အယူခံကို ပယ်ချခဲ့ပြီးနောက် ပြည်နယ်တရားလွှတ်တော်ကို ဆက်ပြီးတင်ရာမှာ ပြည်နယ်တရားလွှတ်တော်က လက်ခံလိုက်တာဖြစ်ပါတယ်။
အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဒေါ်ဒွဲဘူက တရားလိုဖြစ်တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး ကိုလည်း အသိပေးအကြောင်းကြားထားပြီဖြစ်တယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။
တရားရုံးက လျှောက်လဲချက်တွေပေးပြီးရင် အမိန့်ပြန်လည်ချသွားဖို့ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေးအတွက် ဆန္ဒထုတ်ဖော်မှု ဖြစ်မြောက်ရေး ကော်မတီဝင်ဖြစ်တဲ့ ဒေါ်နန်ပူ၊ ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျက်တို့ သုံးဦဟာ တပ်မတော်ကို အသေရေဖျက်တယ်ဆိုပြီး ပုဒ်မ ၅၀၀နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆လနဲ့ ငွေဒဏ် ၅ သိန်းစီ ဒီဇင်ဘာ ၇ ရက်နေ့က ချမှတ်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲကြား ပိတ်မိပြည်သူလွတ်မြောက်ရေးအတွက် မေလအတွင်းက မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ပွဲကြားမှာ ပြည်သူတွေကို ပိတ်တာ တပ်မတော်ဖြစ်တယ်၊ ပိတ်မိပြည်သူကို ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ ခြိမ်းခြောက်တာ တပ်မတော်ပါလို့ ပြောဆိုခဲ့တာတွေဟာ လက်တွေ့ မြေပြင်အခြေအနေကို မသိဘဲ တပ်မတော်ကို ပြည်သူ အထင်အမြင်လွဲအောင် စွပ်စွဲပြောဆိုတယ်ဆိုပြီး အသရေဖျက်စေမှု ပုဒ်မ (၅၀၀) နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။