အာဏာသိမ်း စစ်ကောင်စီတပ်တွေ ဖါပွန်ခရိုင်မှာ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်

ကရင်ပြည်နယ် ဖာပွန်ခရိုင် ပေါ်ခေးခိုမှာ အခြေစိုက်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က ကရင် အမျိုးသားအစည်းအရုံး KNU နယ်မြေ တပ်မဟာ ၅ နယ်မြေထဲက မေဖွဲထာကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဧပြီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဘက်က တစ်လ အပစ်ရပ်မယ်လို့ ပြောဆိုပေမယ့် ကရင်ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်လို့ ရွာသားတစ်ဦးသေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ က ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။

“သူတို့ (စစ်ကောင်စီတပ်) ကတော့ အပစ်ရပ်လည်း ပစ်တယ်။ အပစ်မရပ်လည်း ပစ်တယ်။ သူတို့ပြောတဲ့ အပစ်ရပ်တာက လူကြားကောင်းအောင် ထုတ်တဲ့သဘောပါပဲ။ အခုက မြို့ထဲမှာလည်း ပစ်တယ်။ တောထဲ မှာလည်း ပစ်တယ်။ ရွာသားကိုလည်း ပစ်တယ်။ တွေ့ရာအကုန်ပစ်တယ်ဆိုတော့ သူတို့ ရန်သူလား၊ ရွာသားတွေကိုလည်း မရှောင်တော့ဘူးပေါ့နော်။ အကြမ်းဖက်လုပ်ရပ် တော်တော်လေး ဆိုးဆိုးဝါးဝါး လုပ်နေပြီပေါ့နော်။ ဧပြီလ ၇ကနေ ဂ ရက်နေ့ထိကတော့ လက်နက်ကြီးတွေ ပစ်ခတ်တာတွေ ရှိတယ်။ ဒီစစ်ကောင်စီတပ်က ဒါကြောင့်မို့ မူတြော်(ဖာပွန်)ခရိုင်ဘက်က ရွာသားတွေထဲမှာ သေဆုံးတာရှိတယ်လို့ ပြောရတယ်လို့ ပြောရမှာ ဖြစ်ပါတယ်”

ဧပြီလ ၈ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲချိန်မှာ ဒေါ်ခေးခို အခြေစိုက် စစ်ကောင်စီရဲ့ တပခ ခမရ ၂၀ တပ် စခန်းက လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ကေအန်ယူ နယ်မြေ လူသောမြို့နယ် ယဲမူပလောအုပ်စု မေဖွဲထား ကျေးရွာက အသက် ၆၀ နှစ် စောကီဘူး ထိမှန်သေဆုံးခဲ့တယ်လို့ KNUက ဧပြီလ ၉ ရက်နေ့ သတင်းထုတ်ပြန် ထားပါတယ်။

ဖာပွန်ခရိုင် ယဲမူပလောကျေးရွာမှာ လက်နက်ကြီး သုံးလုံး၊ တဲဘိုးပလောကျေးရွာမှာ လေးလုံးနဲ့ စောမူပလော ကျေးရွာထဲ ငါးလုံး လက်နက်ကြီး ပေါင်း ၁၂ လုံး ပစ်ခတ်မှု ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ကရင်စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု အဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ စောသူးဘီးကလည်း စစ်ကောင်စီတပ်က ကရင်ကျေးရွာ ခုနစ်ရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ရွာသား တစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

“ရွာ ခုနစ်ရွာမှာ ပစ်တယ်။ အဲဒီမှာ သူတို့ပစ်တာက ကျနော်တို့ ကေအန်ယူရဲ့ အုပ်ချုပ်ရေးနယ်မြေ ၃ မြို့နယ်ထဲမှာ သူတို့ (စစ်ကောင်စီတပ်)က လက်နက်ကြီး ပစ်တဲ့အတွက် ၇ ရက်နေ့မှာ လေးယောက် ဒဏ်ရာရတယ်။ ၈ ရက်နေ့မှာ တစ်ယောက်သေဆုံးတယ်။ ခြေထောက်လက်တွေမှာ ဒဏ်ရာရတယ်။ တချို့က အခုလောလောဆယ် ဒေပူးနို ဆေးရုံကို ခေါ်လာပြီးတော့ ဆေးကုသမှုခံယူနေတယ်။"

ဒီရွာသားတွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီဘက်က လေယဉ်နဲ့ ပတ်ခတ်ခဲ့လို့ တောတောင် တွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာကနေ လေယာဉ်နဲ့ လာမပစ်တော့ဘူးဆိုပြီး ဧပြီလ ၃ ရက်နေ့မှာ နေအိမ်ကို ပြန်လာပြီး နေထိုင်နေကြတာ ပြောပါတယ်။

“ဧပြီလ ၃ ရက်နေ့ လေယာဉ်က မလာတော့ဘူး။ အဲဒီအတွက် သူတို့က ရွာထဲမှာ ပြန်လာနေကြတာ အဲဒီအချိန်မှာ အခုက ရွာထဲမှာ လက်နက်ကြီးပစ်တဲ့အတွက် လူတွေ ထိခိုက်သေဆုံးတယ်ပေါ့နော်။ လေယဉ်မလာပေမယ့် ညတိုင်းမှာ ဒရုန်းတွေ လွှတ်ပြီးတော့ ကျေးရွာတွေမှာ အမြဲတမ်းထောက်ထား စုံစမ်းနေတယ်။ အခုက သူတို့ပြေးလိုက်၊ ပုန်းလိုက် ပြန်လာလိုက် လုပ်နေတယ်”

စစ်ကောင်စီက ညဘက်ဆိုရင် ဒရုန်းနဲ့ ကရင်ကျေးရွာတွေကို လာပြီး စုံစမ်းထောက်လှန်းမှုတွေ ရှိနေတဲ့ အတွက် ကရင်ရွာသားတွေဟာ ညဘက်ဆိုရင် ဗုံးခိုကျင်းတွေထဲမှာ နေပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာစပြီး ကေအန်ယူ တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ နယ်မြေတွေမှာ စစ်ကောင်စီ တပ်က လေယဉ်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသူ ၁၄ ဦးနဲ့ ဒဏ်ရာရသူ ၃၆ ဦး စာရင်းရရှိထားပြီး ဒီထက်လည်း ပိုများနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် ကရင်စစ်ဘေးဒုက္ခသည်တွေ သုံးသောင်းလောက်ထိ ရှိလာပြီ ဖြစ်ပြီး သူတို့အတွက် စားနပ်ရိက္ခာ အကူအညီတွေ လုံလောက်မှုမရှိသေးဘဲ အစားအသောက်၊ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ထိုင်းအာဏာပိုင်တွေဘက်က စားနပ်ရိက္ခာတွေ ပို့ဆောင်နိုင်ခဲ့ပေမယ့် လုံလောက်မှု မရှိသေးသလို၊ နောက်ထပ် ထိုင်းမြန်မာနယ်စပ်ကနေ ပို့ဆောင်ဖို့အတွက် လုံခြုံရေးအရ အကန့်အသတ်တွေ၊ အခက်အခဲတွေ ရှိနေတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

“ကျနော်တို့ အကန့်အသတ်တွေ အများကြီးရှိတယ်။ အကူအညီရဖို့က လုံခြုံရေးအရရော၊ ရောက်ရှိ နိုင်ဖို့ရော တော်တော်လည်း နည်းပါသေးတယ်။ ထိုင်းက ခွင့်ပြုသည် ဖြစ်စေ ဗုံးသံနေရာမှာ သွားရတဲ့ နေရာမှာကြတော့ ဒါလည်း အခက်အခဲတစ်ခုပါပဲနော်။ ခွင့်ပြုချက်ကတော့ အတိုင်းအတာ တစ်ခုထိ ကုန်သွယ်မှုနယ်စပ်ကတော့ ခွင့်ပြုတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ သွားလာလို့ ရတယ်။ ဒါပေမဲ့ သွားလာတဲ့နေရာမှာလည်း လုံခြုံရေးအရ စစ်ကောင်စီရဲ့ တပ်စခန်းကိုလည်း ဖြတ်ရမှာ အချိန်မရွေး လေယာဉ်က လာနိုင်တယ်။ ကယ်ဆယ်ရေးလုပ်သားတွေ အတွက်လည်း အများကြီး ရှိတယ်”

အာဏာသိမ်းစစ်ကောင်စီက တစ်လ အပစ်ရပ်မယ်လို့ ဆိုပေမယ့် KNU နယ်မြေထဲမှာတော့ စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်မှုတွေရှိနေသလို၊ KNU တပ်မဟာ ၁၊၂၊ ၃၊ ၄၊ ၅၊ ၆၊ နှစ်ဖက် တပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေလို့ အနီးအနားက ကရင်ကျေးရွာသားတွေလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်။

KNU တပ်မဟာ ၅ ဖာပွန်ခရိုင်ထဲက ကျေးရွာက ကရင်ပြည်သူတွေ အခုဆိုရင် ထိုင်းမြန်မာနယ်နဲ့ တောတောင် တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဒီကနေ့ထိ စစ်ဘေးဒုက္ခသည် သုံးသောင်းလောက် ရှိလာနေပြီလို့ ဆိုပါတယ်။