ငြိမ်းချမ်းရေး ခြေလှမ်းစမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြား

၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းစရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်၊ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရဲ့နှစ်သစ်မိန့်ခွန်းမှာ ပြောလိုက်ပေမယ့် ဒီဇင်ဘာ ၃၁ ရက် မနေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်ဗုံးကြဲခဲ့တယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။
ခုလိုစစ်ပွဲတွေကြားထဲ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလို့ ဒီးမော့ဆိုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့ အာဏာသိမ်းတဲ့ ၁ ရက်နေ့ကတည်းကစလို့ ကျွန်တော်တို့ ကြိုတွက်ထားပြီးသားပဲ။ ၂၀၂၁ ကတော့ ဘာမှကို မျှော်လင့်ချက်ဆိုတာ မရှိတော့ဘူးလို့။ ကိုယ့်ယုံကြည်ချက်တော့ရှိဦးမယ်။ ဒါပေမဲ့ အခုမှာ သေရမလား၊ ငတ်ရမလားပဲ အဲဒီနှစ်ခုက အရေးကြီးနေတဲ့အချိန်ဖြစ်နေတော့"
ဒီဇင်ဘာ ၂၄ ရက်ကလည်း ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက မိုဆိုရွာအနီး ကလေးငယ်နဲ့ အမျိုး သမီးတွေ အပါအဝင် လူ ၃၅ ဦးထက်မနည်း မီးရှို့အသတ်ခံရတဲ့ဖြစ်စဉ်မျိုး နောက်ထပ်ကြုံတွေ့လာမှာကို စိုးရိမ်နေတယ် လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံက ဆိုပါတယ်။
သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်တယ်လို့လည်း စစ်ခေါင်း ဆောင်က ဆိုထားသလို ၂၀၂၂ ခုနှစ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းဖို့ လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့လည်း အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကရင်၊ ကချင်၊ ချင်း၊ ကယား၊ ရှမ်း စတဲ့ ပြည်နယ်တွေ အပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေ၊ NCA လက်မှတ်ထိုးထားတဲ့ PPST အဖွဲ့နဲ့ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။