အာဏာသိမ်းကာလအတွင်း ကယားပြည်နယ်မှာ အရပ်သား ခြောက်ရာကျော် သေဆုံး

RFA Burmese
2024.04.05
အာဏာသိမ်းကာလအတွင်း ကယားပြည်နယ်မှာ အရပ်သား ခြောက်ရာကျော် သေဆုံး စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ တိုက်နယ်ဆေးရုံကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Facebook/ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလတွင်း ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ အရပ်သား ၆၃၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးရသူတွေလည်း ရှိနေတယ်လို့ PKPF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သေဆုံးသူတွေထဲမှာ တိုက်ပွဲဖြစ်လို့ စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးသွားတဲ့ ဒုက္ခသည်အရေအတွက်က ၁၅၀ ကျော် ရှိတယ်”

အာဏာသိမ်းကာလအတွင်း တိုက်ပွဲအကြိမ်အရေ တစ်ထောင်ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၄၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့လည်း PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း ၂၂ ခု၊ ဆေးရုံ၊ ဆေးခန်း ၁၅ ခုနဲ့ လူနေအိမ်အဆောက်အအုံ ၂၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီထုတ် ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ကနေ မတ်လ၂၃ ရက်အထိ လေးလကျော် တိုက်ပွဲအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံနဲ့ မိုးဗြဲမြို့တွေကို ကရင်နီ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။