စစ်ကောင်စီကြောင့် သေဆုံးသူအယောက် ၁၃၀ နီးပါးရှိပြီလို့ ချင်းရေးရာအဖွဲ့ချုပ်ထုတ်ပြန်
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ အခုချိန်ထိ ၇ လအတွင်း အသတ်ခံရတဲ့သူ အယောက် ၁၃၀ နီးပါး ရှိနေပြီလို့ ချင်းရေးရာအဖွဲ့ချုပ်က မနေ့က သြဂုတ်လ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အသက်မပြည့်သေးတဲ့ ကလေး (၁၄) ယောက်၊ အမျိုးသမီး (၇) ယောက်၊ အရပ်သား (၅၇) ယောက်နဲ့ စစ်ကောင်စီကိုတော်လှန်နေတဲ့သူ (၅၁) ယောက်ဖြစ်တယ်လို့ အမည်၊ ဓာတ်ပုံ၊ သေဆုံးတဲ့နေရာတွေနဲ့တကွ စာရင်းထုတ်ပြန်ပါတယ်။
အဲဒီအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားတွေရဲ့နေအိမ်တွေကို အတင်းအဓမ္မကျူးကျော် ဝင်ရောက်တာ၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ လက်နက်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်တာ ချက်ချင်းရပ်ဖို့၊ ချင်းရေးရာအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့အခုလို အကြမ်းဖက်လုပ်ရပ်တွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်အောင်နဲ့ အရေးယူပေးဖို့ကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့အကြောင်းလဲ ဖော်ပြထားပါတယ်။
အခုလို အရပ်သားတွေ သေဆုံးတာ၊ ပြည်သူတွေရဲ့ပစ္စည်းတွေ ဖျက်ဆီးခံရတာ၊ သိမ်းယူခံရတာတွေ ရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုတော့ မတွေ့ရသေးပါဘူး။