အာဏာသိမ်းကာလအတွင်း ကလေး ခြောက်ရာကျော် သေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့မှ စစ်ဘေးဒုက္ခသည် ကလေးအချို့အား ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့မှ စစ်ဘေးဒုက္ခသည် ကလေးအချို့အား ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ကလေးခြောက်ရာကျော် (၆၁၄ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှတ်တမ်းနဲ့ သုတေသနဌာနက စောင့်ကြည့်လေ့လာမှု တွေအရ ဖမ်းဆီးခံရတဲ့ ကလေး ငါးရာကျော် (၅၅၉ ဦး) ရှိနေတယ်လို့လည်း AAPP က ဖော်ပြပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့က မန္တလေးတိုင်း စဥ့်ကူးမြို့နယ် သီလှရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ငါးနှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ကလည်း မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် မြင်းခြံကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တဲ့ မိသားစုဝင်လေးဦးမှာ ကလေးတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းကာလအတွင်း ကလေးသေဆုံးမှုတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိပေမဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ လုပ်လေ့မရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း သေဆုံးတဲ့အရပ်သား ငါးထောင်ကျော် (၅၅၉၂ ဦး) အထိရှိပြီး အတည်ပြုနေဆဲ သေဆုံးသူ ၂၅၀၀ ခန့်လည်း ရှိတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။