စစ်ကောင်စီရဲ့ အသင်းအဖွဲ့ဆိုင်ရာဥပဒေသစ် လူ့အခွင့်အရေး ထိခိုက်မှုရှိနိုင်ကြောင်း ကုလပြော

ရန်ကုန်မြို့မှ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့အစည်းတစ်ခုအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
ရန်ကုန်မြို့မှ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့အစည်းတစ်ခုအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Tun Lin Naing)

စစ်ကောင်စီရဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအသစ်ထဲမှာ အရပ်ဖက်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လူအခွင့်အရေးအပေါ် ထိခိုက်မှုရှိလာမှာ အလွန်စိုးရိမ်တယ်လို့ အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က နိုဝင်ဘာလ ၂၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ၂၀၁၄ ခုနှစ်မှာ ပြဌာန်းထားတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကိုပယ်ဖျက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက အရပ်ဖက်အဖွဲ့အစည်းကို ပိုပြီးတင်းကျပ်တဲ့ အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေသစ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီဟာ နိုင်ငံရဲ့ဥပဒေမူဘောင်နဲ့ တရားစီရင်ရေးကိုအသုံးချပြီး အတိုက်အခံတွေကို ဖိနှိပ်ဖို့နဲ့ တိုင်းပြည်ကို အာဏာရှင်ဆန်ဆန်ထိန်းချုပ်ဖို့ လုပ်နေတာလို့လည်း ထုတ်ပြန်ချက် ထဲမှာ ဝေဖန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို လိုက်နာဖို့လည်း OHCHR က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းတောင်းဆို ထားပါတယ်။

စစ်ကောင်စီက အသစ်ထုတ်ပြန်လိုက်တဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအသစ်ထဲမှာ အသင်းအဖွဲ့မှတ်ပုံတင် လက်မှတ်မရှိရင် ထောင်ဒဏ်သုံးနှစ် ဒါမှမဟုတ် ဒဏ်ငွေ ကျပ်ဆယ်သိန်း၊ မှတ်ပုံတင်သက်တမ်းကျော်ရင် ထောင်ဒဏ်နှစ်နှစ် ဒါမှမဟုတ် ဒဏ်ငွေကျပ်ငါးသိန်းအထိ ချမှတ်နိုင်တယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။

၂၀၁၄ ခုနှစ်ကထုတ်ပြန်ထားတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမှာတော့ အရပ်ဖက် အဖွဲ့အစည်းတွေကို မှတ်ပုံတင်ဖို့၊ မတင်ဖို့အတွက် လွတ်လပ်ခွင့်ပေးထားပြီး နိုင်ငံရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ကိုင်ခွင့် ပေးထားပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အသင်းအဖွဲ့ ဆိုင်ရာဥပဒေမှာတော့ နိုင်ငံရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။