မနေ့က ၂၄နာရီ အတွင်း စစ်ဆေးမှုတွေအရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၁၂ ယောက် ထပ်တွေ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဒီအရေအတွက်ဟာ ကိုဗစ်တတိယလှိုင်းကာလအတွင်း စံချိန်တင်အောင် အများဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၅၅၆၉၇ ယောက်ရှိသွားပါပြီ။ သေဆုံးသူ ၁၁ယောက် မနေ့ကထပ်တိုးလာလို့ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၃၂ဝ ယာက်အထိ ရှိလာပါပြီ။ ကူးစက်မှု ပိုမြန်ပြီး အသက်သေစေနိုင်တဲ့ မျိုးရိုးဗီဇကွဲ ကိုဗစ်ရောဂါပိုးတွေ မြန်မာနိုင်ငံမှာ တွေ့တယ်လို့ ကျန်းမာရေးဌာနက အခုဇွန်လအတွင်းမှာ ကြေညာခဲ့ပြီး ဒီလထဲမှာပဲ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေက သိသိသာသာမြင့်တက်လာခဲ့တာပါ။
အခုတွေ့နေတဲ့ အတည်ပြုလူနာသစ်တွေနဲ့သေဆုံးမှုတွေက ကိုဗစ် ဗီဇကွဲပိုးတွေကြောင့် ဟုတ် မဟုတ်ဆိုတာကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက အသိမပေးပါဘူး။ မနေ့ကညနေပိုင်း ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ်တွေ အများဆုံးတွေ့ရတဲ့ ဒေသတွေက ပဲခူးတိုင်းမှာ ၂၅၉ယောက်၊ ရှမ်းပြည်နယ်မှာ ၂ဝ၅ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၁၉၆ယောက်၊ ရန်ကုန်တိုင်းမှာ ၁၄ဝ ၊ ဧရာဝတီတိုင်းမှာ ၁ဝဝ နဲ့ ချင်းပြည်နယ်မှာ ၈၃ ယောက်ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ ထောင်နဲ့ချီ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေပြီး စေတနာ့ဝန်ထမ်း ကျန်းမာရေးကူညီမှု အဖွဲ့အစည်းတွေလည်း ဖမ်းဆီးခြိမ်းခြောက် ခံနေရလို့ အကူညီပေးမှုတွေ အရင်ကလို များများစားစား မရှိဘဲ ဖြစ်နေတာကြောင့် ကိုဗစ် တတိယလှိုင်းကာလ မှာ ကျန်းမာရေးဆောင်ရွက်ချက်တွေ အားနည်းနေပါတယ်။