တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၇၄ ဦး စံချိန်တင်ပြန်တွေ့

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၁ ရက်နေ့ညကနေ နိုဝင်ဘာလ ၂ ရက်နေ့ည ၈ နာရီအချိန်အထိ တစ်ရက်အတွင်း ကိုဗစ် - ၁၉ အတည်ပြုလူနာ ၁၀၇၄ ဦး ပြန်လည်တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ကစပြီး ကိုဗစ် - ၁၉ ရောဂါကြောင့် နေအိမ်မှာနေထိုင်ရေး (Stay at Home) အဖြစ် သတ်မှတ်ထားတဲ့အထဲက မြို့နယ် ၄၄ ခုကို နှစ်ပတ်အတွင်း ဓာတ်ခွဲအတည်ပြုချက်တွေအရ ကူးစက်ဖြစ်ပွားမှု လျော့နည်းလာတာကြောင့်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက ပယ်ဖျက်ပေးခဲ့ပါတယ်။
မြို့နယ် ၄၄ ခုကို အခုလို ပယ်ဖျက်ပေးလိုက်ပြီးနောက်ပိုင်း တစ်ပတ်အတွင်း အခုလို ပိုးတွေ့လူနာအများဆုံး တွေ့ရတာလည်းဖြစ်ပါတယ်။
တစ်ရက်အတွင်း ထပ်မံသေဆုံးသူ ၁၄ ဦးရှိတာကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးခဲ့သူ စုစုပေါင်း ၁၈၇၂၈ ဦးရှိပြီ ဖြစ်ပြီး ကိုဗစ်ရောဂါ အတည်ပြုလူနာကလည်း ၅၀၂၀၂၄ ဦးရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အသက် ၁၂ နှစ်အတွက် ကျောင်းသားတွေကိုပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေပြီလို့ ကြေညာပြီးနောက် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၃၀ ရက်နေ့အထိ လူဦးရေစုစုပေါင်း ၁၃ သန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးပြီးသလို အဲဒီအထဲမှာ ၇ သန်းကျော်က အကြိမ်ပြည့်ထိုးပြီးပြီဖြစ်ကာ ၆ သန်းကျော်ကတော့ ပထမ အကြိမ်ထိုးနှံပြီးဖြစ်တယ်လို့ ကျန်မားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။