ကြေးနီစီမံကိန်း စတင်မယ့် လက်ပန်းတောင်းတောင်ရဲ့ အနောက်တောင်ဘက်ခြမ်းနားမှာ ထောင်နဲ့ချီတဲ့ ပြည်သူလူထုက စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က လုံခြုံရေးအင်အား တစ်ထောင်လောက် ချထားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေ အနေနဲ့ ဒီစီမံကိန်း ရပ်ဆိုင်းတဲ့အထိ တောင်းဆို တိုက်ပွဲဝင်သွားမယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့ဟာ ကျွန်တော်တို့ တော်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့အတွက် ကျွန်တော်တို့ လယ်ယာမြေ သိမ်းပိုက်ပွဲလုပ်နေတာ ဖြစ်ပါတယ်။ အဲဒီလယ်ယာမြေလုပ်တဲ့နေရာမှာလည်း သူတို့ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေ တစ်ထောင်လောက် နီးပါးရှိပါတယ်။ ကျွန်တော်တို့ကို ဒိုင်းတွေ၊ တုတ်တွေနဲ့ ဝိုင်းရံစောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ လယ်ယာမြေ အတွင်းထဲကနေ ဥပဒေဘောင် အတွင်းထဲကနေပြီးတော့ အလုပ်လုပ်တာ ဖြစ်ပါတယ်။ ပြန်ပြီးတော့ ကျွန်တော်တို့ လယ်ယာမြေတွေ ထဲကို သိမ်းပိုက်ပွဲ ဆိုင်းဘုတ်တွေ ချိတ်တာ ဖြစ်ပါတယ်။ အလံတွေ ထူထောင်တာ ဖြစ်ပါတယ်"
ဒေသခံတွေဟာ ခြံစည်းရိုး အပြင်ဘက်ကနေ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး အာဏာပိုင်တွေနဲ့ တစုံတရာ ပဋိပက္ခ ဖြစ်ပွားတာ မရှိခဲ့ဘူးလို့ သိရပါတယ်။ တောင်သူတွေဟာ ညနေ ၅ နာရီမှာ လူစုခွဲခဲ့ကြပြီး နောက်နေ့တွေမှာလည်း ဆက်လက် ဆန္ဒပြသွားမယ်လို့ သိရပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းကို မြန်မာယန်စီ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည်ဖော်နေတာ ဖြစ်ပြီး ဒီစီမံကိန်းကို ရပ်တန့်ပေးပို့ ဒေသခံပြည်သူတွေက နေ့စဉ်ရက်ဆက် ဆိုသလို ဆန္ဒဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။