ကြေးနီစီမံကိန်းကုမ္ပဏီနှစ်ခု သတင်းစာရှင်းလင်းပွဲ ပြုလုပ်
2012.09.29
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ကြေးနီစီမံကိန်းတွေ လုပ်ကိုင်နေမှုနဲ့ ပတ်သက်ပြီး သဘာ၀ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဆောင်ရွက်နေမှုတွေ အပါအဝင် မြေယာသိမ်းဆည်းမှုတွေကို အဓိကထား ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ကြေးနီစီမံကိန်းတွေရဲ့ အုပ်ချုပ်မှုမန်နေဂျာ ဦးမြင့်သိန်းက RFA ကို အခုလို ပြောပြပါတယ်။
"ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လယ်အသိမ်းခံနဲ့ ပတ်သက်ပြီးတော့ အဓိကထားပြီး ရှင်းလင်းတာဖြစ်ပါတယ်။ ရွာသူ ရွာသားတွေ မနစ်နာအောင် ရေရှည်သူတို့စားဖို့ နေဖို့ အဆင်ပြေသွားအောင် ရွေ့ခိုင်းတယ်ဆိုရင် အိမ်အသစ်ဆောက်ပေးတယ်။ အခုဆောက်ပေးတာ အိမ်အဟောင်းထက် အများကြီးသာတယ်။ ရေလည်း အိမ်အထိ၊ မီးလည်းအိမ်အထိ ဆောက်ထားပါတယ်။ ပြီးလို့ရှိရင် မိသားစုဖို့ကို အနည်းဆုံးတစ်ယောက် ကုမ္ပဏီဝန်ထမ်း အဖြစ် ခန့်ထားဖို့ စီစဉ်မှာဖြစ်ပါတယ်။ အခုအကောင်အထည် ဖော်နေပါပြီ"
ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေအထိ ဖြစ်ပေါ်နေတဲ့ကိစ္စတွေမှာ ဖြေရှင်းဖို့ ကုမ္ပဏီအနေနဲ့ခက်ခဲတဲ့အပြင် ဒေသခံတွေရဲ့ တောင်းဆိုနေမှုတွေကိုလည်း မြန်မာ-ဝမ်ဘိုကုမ္ပဏီအနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ ဦးမြင့်သိန်းက အခုလို ဆက်ပြောပါတယ်။
"အခုတောင်းဆိုချက်က စီးပွားရေးတောင်းဆိုချက် မဟုတ်တော့ပါဘူး။ နိုင်ငံရေးတောင်းဆိုချက်နဲ့ ပတ်သက်ပြီးတော့ သူတို့ကအခု ဆောင်ရွက်နေတယ်။ သူတို့နဲ့အဆင်ပြေအောင် ညှိနှိုင်းဖို့တော်တော်လေး အခက်အခဲရှိသွားပြီ။ တကယ်တန်းသူတို့ မကျေနပ်မှု ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ခင်မင်ရင်းနှီးစွာနဲ့ ကျွန်တော်တို့ သူတို့နဲ့ ညှိချင်ပါတယ်"
မြန်မာ-ယမ်စီကုမ္ပဏီမှာဆိုရင် လက်ရှိ မြန်မာဝန်ထမ်း ၁၄၀၀ ကျော် အလုပ်ခန့်ထားပြီး မြန်မာ ဝမ်ဘိုကုမ္ပဏီရဲ့ လက်ရှိတည်ဆောက်ရေး ကာလအတွင်းမှာလည်း မြန်မာဝန်ထမ်းပေါင်း ၆၀၀ ကျော် အလုပ်ခန့်ထားတယ်လို့ သိရပါတယ်။
ကြေးနီစီမံကိန်းတွေ ဆောင်ရွက်နေတဲ့ နေရာတွေဟာ မြန်မာ-ဝမ်ဘိုကုမ္ပဏီက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဖြစ်ပြီး မြန်မာ-ယမ်စီ ကုမ္ပဏီက စံပယ်တောင် ကြေးစင်စီမံကိန်း ဖြစ်တယ်လို့ သိရပါတယ်။
စီမံကိန်း အကောင်အထည်ဖော်ဖို့ လယ်မြေသိမ်းယူခံထားရတဲ့ ဆည်တဲ၊ ကျော်၊ မိုးကြိုးပြင်၊ အလယ်ရွာ စတဲ့ ကျေးရွာပေါင်း (၂၆) ရွာဟာ အဲဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံတောင်သူတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ပေမယ့် အခုအချိန်ထိ ကြေးနီစီမံကိန်းကို လုပ်ကိုင်နေဆဲပဲလို့ သိရပါတယ်။
အဲဒီကြေးနီစီမံကိန်းတွေကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက မြန်မာ-ဝမ်ဘိုနဲ့ မြန်မာ-ယမ်စီ တရုတ်ကုမ္ပဏီတို့နဲ့ ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အဲဒီမှာပြောဆိုချက်တွေဟာ လက်တွေ့ဖြစ်ရပ်တွေနဲ့ ကွာခြားနေတဲ့အကြောင်း စီမံကိန်းတဝိုက် ဒေသခံတွေဘက်က ကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကိုဟန်ဝင်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |