မြန်မာသတင်းမီဒီယာဈေးကွက်မှာ ဂျပန်ရင်းနှီးမြှုပ်နှံမည်

Cool Japan Fund ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Nobuyuki Ota
Cool Japan Fund ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Nobuyuki Ota (Courtesy: Kazuaki Nagata)

မြန်မာနိုင်ငံ သတင်းမီဒီယာလောကမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတရပ် ဝင်ရောက်လာမယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။

Cool Japan Fund အမည်ရှိ ဂျပန် ယဉ်ကျေးမှုမြှင့်တင်ရေး ရန်ပုံငွေအဖွဲ့နဲ့ တခြားဂျပန်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ မီဒီယာလုပ်ငန်းကြီးတခု ထူထောင်ဖို့ အမေရိကန်ဒေါ်လာ ၃၂ သန်းနဲ့ညီတဲ့ ဂျပန်ယန်းငွေ ၃ ဘီလျံခွဲ ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။

အဲဒီမီဒီယာလုပ်ငန်းကနေ ဂျပန် ရုပ်သံအစီအစဉ်တွေကို မြန်မာရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Cool Japan Fund အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူက... သူ့အနေနဲ့ မြန်မာနိုင်ငံမှာ လူကြိုက်များလှတဲ့ ကိုရီးယား TV ဇာတ်လမ်းတွဲတွေရဲ့ ဈေးကွက်ကို ဖဲ့ယူနိုင်ဖို့ ရည်မှန်းထားကြောင်း၊ ဂျပန်ရုပ်သံအစီအစဉ်တွေရဲ့ အရည်အသွေးကို မြန်မာပရိသတ် အများအပြား ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရန်ကုန်မြို့မှာ တနင်္လာနေ့က ကျင်းပတဲ့ လုပ်ငန်းဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ချို့တဲ့နေတာကြောင့် အိမ်ထောင်စု စုစုပေါင်းရဲ့ ၆ဝ ရာနှုန်းလောက်မှာသာ တီဗီ ရှိနေသေးပေမယ့်၊ တိုင်းပြည်စီးပွားရေး တိုးတက်လာတာနဲ့အမျှ ရုပ်သံနဲ့ ကြော်ငြာဈေးကွက် ကျယ်ပြန့်လာမှာဖြစ်ကြောင်း NHK သတင်းက ဖော်ပြပါတယ်။