စားသုံးသူများ ကာကွယ်ရေးအသင်း ဖွဲ့စည်း

မြန်မာနိုင်ငံရဲ့ ပထမဆုံး စားသုံးသူများ ကာကွယ်ရေးအသင်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ မနေ့က စတင် ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ အစားအသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေမှာ ဓာတုအဆိပ်သင့် အန္တရာယ် ကင်းဝေးစေဖို့ နိုင်ငံသားတွေ ကျန်းမာစွာ သက်တမ်းစေ့ နေနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

2012.08.27
consumer-protection-association-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် စားသုံးသူများ ကာကွယ်ရေးအသင်း ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပနေစဉ်။
RFA

စားသုံးသူ ကာကွယ်ရေးအသင်းအနေနဲ့ ဈေးကွက်ထဲမှာ ရှိနေတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ပြည်ပကနေ တင်သွင်းလာတဲ့ စားသုံးဆီ၊ ဆေးဝါးစတာတွေကို သေသေချာချာ စိစစ် ကြီးကြပ်စစ်ဆေးပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တိုက်တွန်း ပြောဆိုသွားမယ်လို့ စားသုံးသူများ ကာကွယ်ရေးအသင်း ကော်မတီဝင် ဗကသ ကျောင်းသားဟောင်း ဦးကံညွှန့်က RFA ကို အခုလို ပြောပါတယ်။

အသင်းအနေနဲ့ တရားဝင်မှတ်ပုံတင် ရရှိတဲ့ အဖွဲ့အစည်းတစ်ခု အနေနဲ့ ရပ်တည်သွားမှာဖြစ်ပြီး လတ်တလော ရန်ကုန်မြို့တွင်းက အခြေခံပညာ ကျောင်းတွေမှာ ရောင်းချနေတဲ့ စားသောက်ကုန်တွေကို စစ်ဆေးတာ၊ ရောင်းချသူတွေကို အသိပညာ ပေးတာ စတဲ့ လုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနတွေနဲ့ ပူပေါင်းလုပ်ဆောင်သွားဖို့ ရှိပြီး မီဒီယာတွေက တဆင့်လည်း ပြည်သူကို အသိပေးဖို့ ရှိတယ်လို့ သိရပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ စားသုံးသူများ ကာကွယ်ရေးအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို NLD ပါတီဝင်တွေအပြင် အနုပညာရှင်တွေဖြစ်တဲ့ ဆောင်းဦးလှိုင်၊ သျှီ၊ စာရေးဆရာ နွမ်ဂျာသိုင်း၊ ကျောင်းသား သမဂ္ဂများ ပေါ်ပေါက်ရေး ဆောင်ရွက်နေသူ ကိုစည်သူမောင်၊ လူမှုရေး အသင်းအဖွဲ့ အသီးသီးက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအသင်းမှာ လောလောဆယ်အထိ အသင်းဝင် ၂၀၀ နီးပါး ရှိနေပြီဖြစ်ပြီး နောက်လာမယ့် အစည်းအဝေးမှာ ဗဟို အလုပ်အမှုဆောင် ကော်မတီကို ရွေးချယ် ဖွဲ့စည်းသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။