ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်မှု အမျိုးသားလွှတ်တော်က စတင်ဆောင်ရွက်မည်

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်မှု ပြုလုပ်နိုင်ရန် ညွှန်ပြချက်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ ဘယ်လို သဘောထားတယ်ဆိုတာ ရှင်းလင်းဖြေကြားပေးဖို့ အဆိုကို သာပေါင်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ထပ်မံ တင်သွင်းလိုက်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်း တင်သွင်းသည့် အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြန်လည် ဖြေကြားနေစဉ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်း တင်သွင်းသည့် အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြန်လည် ဖြေကြားနေစဉ်။ (RFA)

အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အချိန်ယူ သည်းခံ စောင့်ဆိုင်းခဲ့ပေမယ့်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒီကိစ္စကို လျစ်လျူရှု ထားခဲ့ပါသလား။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးအပေါ်မှာ လွှမ်းမိုးထားတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ရှိပါသလားလို့ ဦးဝင်းသန်းက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက- လွှတ်တော်ပေါ်မှာ လွှမ်းမိုးတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်မှ မရှိကြောင်း၊ လွှတ်တော် ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်နိုင်အောင် မိမိအနေနဲ့ ကြိုးပမ်းလျက်ရှိကြောင်း၊ စွပ်စွဲ ပြစ်တင်မှုကို အမျိုးသား လွှတ်တော်က စတင်ဆောင်ရွက်မယ် ဆိုတာကို သိရှိထားပြီး မိမိတို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ သည်းခံ စောင့်ဆိုင်းဖို့ မေတ္တာရပ်ခံကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနဲ့ ပတ်သက်တဲ့ စွပ်စွဲပြစ်တင်ချက် အဆိုတွေကို အမျိုးသား လွှတ်တော်မှာလည်း ဆက်လက် ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ မနေ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ အနေနဲ့ ခုံရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လွှတ်တော်ကနေ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေကို ဆွေးနွေး ညှိနှိုင်းနေတာကြောင့် မနေ့က ကျင်းပမယ့် ပြည်သူလွှတ်တော် အစည်းအဝေးကို မကျင်းပနိုင်ဘဲ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။