အခြေခံဥပဒေခုံရုံးအဖွဲ့ နုတ်ထွက်ရေး အမတ်တွေ ဆက်လက်ဆောင်ရွက်မယ်

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်ခင် တာဝန်ကနေ အနားယူဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦး လက်မှတ်ရေးထိုး တောင်းဆိုထားတာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့အကြောင်းပြန်ကြားတဲ့ သဝဏ်လွှာကို ပြည်သူ့လွှတ်တော် အမတ်တွေအနေနဲ့ လက်မခံပဲ ခုံရုံးတာဝန်ရှိသူတွေ နှုတ်ထွက်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

2012.08.20
လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
RFA

ဒါအပြင် လွှတ်တော်ရေးရာ ကော်မတီတွေကို ပြည်ထောင်စုအဆင့် ဖြစ်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက တာဝန်ယူပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လှည်းကူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ မူလ ဆုံးဖြတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဆောင်ရွက်သူတွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပုဒ်မ (၃၃၄) ဃ-၂ ၊ ဃ-၅ တွေအရ ကျွန်တော်တို့ ပြစ်တင် ရှုတ်ချပြီး ဖြုတ်ချပစ်လိုက်နိုင်ဖို့ အတွက် လွှတ်တော်က ဆက်လက်ကြိုးပမ်းမှာပါ။ ပြည်ထောင်စု အဆင့် ကော်မတီတွေ ဖြစ်ရေးအတွက်ကိုတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကနေ တာဝန်ယူပြီး ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့ကလည်း သူရ ဦးရွှေမန်း ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ဆက်လက် ထောက်ခံသွားမယ်။ သူ့ကို ဆက်လက် တာဝန်ပေးသွားမယ်လို့ ကျွန်တော်တို့ အားလုံးက ဒီလိုပဲ လွှတ်တော်ထဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်"

သမ္မတရဲ့ သဝဏ်လွှာမှာတော့ အခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ စွပ်စွဲပြစ်တင်နေမယ့်အစား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ နည်းလမ်းကို အသုံးပြုမယ်ဆိုရင် ပိုမိုကောင်းမွန်မယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် လွှတ်တော် ကော်မတီရေးရာတွေကို ပြည်ထောင်စုအဆင့် ဖြစ်မယ်ဆိုရင် အစိုးရဝန်ကြီးဌာနတွေနဲ့ အာဏာပြိုင်ဆိုင်မှုတွေ ဖြစ်လာမှာကို ပြည်ထောင်စုအစိုးရဘက်က စိုးရိမ်မကင်း ဖြစ်နေပုံရတယ်လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မတ်လက လွှတ်တော်ရေးရာ ကော်မတီတွေကို ပြည်ထောင်စုအဆင့်နဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါဟာ ခုံရုံးအနေနဲ့ ဖွဲ့စည်းပုံ အခြေခံပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက် ကျူးလွန်တာဖြစ်ပြီး ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ မထမ်းဆောင်နိုင်တာ ဖြစ်တယ်ဆိုပြီး သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား ရာထူးကနေ အနားယူပေးဖို့ အနားမယူဘူးဆိုရင် စွပ်စွဲ ပြစ်တင်တာတွေပြုလုပ်ဖို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခြေခံဥပဒေ ခုံရုံးအဖွဲ့ နုတ်ထွက်ရေးအတွက် ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အင်ကြင်းနိုင်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်ပါ။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။