ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ အရေးကြီးအဆိုတင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေကို စောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းဖို့ရှိကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။
-
2019-01-29 -

အဲဒီအပေါ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မတ်တပ်ရပ် ကန့်ကွက်ခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခုလို ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ တင်သွင်းတာဟာ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ လွဲမှားနေတယ်ဆိုပြီး ကန့်ကွက်တာပါ။
ဒါ့အပြင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့မူကြမ်းကို အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးရဲ့ လက်မှတ်နဲ့ တင်သွင်းရမှာဖြစ်ကြောင်း၊ အရေးကြီးအဆိုအဖြစ် တင်သွင်းနိုင်တဲ့ သတ်မှတ်ချက်တွေနဲ့လည်း မကိုက်ညီကြောင်းလည်း ပြောခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ နာယက ဦးတီခွန်မြတ်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပထမအဆင့်အနေနဲ့ ဆောင်ရွက်တာသာဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်ကြောင်း၊ အရေးကြီးအဆိုကို အသေးစိတ်တင်ပြလာတဲ့အခါမှာ ဆွေးနွေးနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒီကော်မတီမှာ ပါတီပေါင်းစုံက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်နိုင်အောင် ဆောင်ရွက်တာဖြစ်ကြောင်းလည်း ဦးတီခွန်မြတ်က ပြောခဲ့ပါတယ်။
ဒီအဆိုကို တင်သွင်းတာ၊ လက်ခံဆွေးနွေးတာ၊ လွှတ်တော်ရဲ့ သဘောတူညီချက် ရယူတာတွေကို ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစီအစဉ်တွေအပြီးမှာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။