ပုဒ်မ ၅၉ (စ) သမိုင်းကြောင်း NLD အမတ် ရှင်းလင်း ဆွေးနွေး
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ဟာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုရေး ဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေမှာကတည်း က ပါရှိပြီးဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ လွဲမှားနေကြောင်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည် ညွှန့်က ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ ပါတယ်။
-
2015-06-25 -
-
-
Your browser doesn’t support HTML5 audio
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ဟာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေမှာကတည်းက ပါရှိပြီးဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ လွဲမှားနေကြောင်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။
၁၉၄၇ အခြေခံဥပဒေရေးဆွဲစဉ်က မြန်မာနိုင်ငံ လွတ်လပ်ရေးမရသေးကြောင်း၊ နိုင်ငံလွတ်လပ်ရေးရတဲ့ အခါ နိုင်ငံတွင်းမှာနေထိုင်ကြသူတွေနဲ့ ဗြိတိသျှ နိုင်ငံသားအဖြစ် လိုက်ပါသွားလိုသူတွေရှိရာမှာ၊ နိုင်ငံရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားနဲ့ ဆက်စပ်ပတ်သက်နေသူတွေ၊ ရောထွေးနေသူတွေကို အဓိကတာဝန်တွေ မပေးနိုင်အောင် ပြဌာန်းခဲ့တာဖြစ်ကြောင်း၊ ဒါဟာလည်း ကာယကံရှင်တွေနဲ့သာ တိုက်ရိုက်ပတ်သက်နေ တာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
"အဲ့ဒီရေးထားပြီးသားကို ၅၉(စ) နိုင်ငံတော်သမ္မတရဲ့ အရည်အချင်း ပြည့်ယူလိုက်တဲ့အခါကျတော့မှ ကာယကံ ရှင်ကိုယ်တိုင်ရဲ့ အရည်အချင်းတွေမဟုတ်တော့ဘဲနဲ့ အခုအားလုံးသိတော်မူကြတဲ့အတိုင်းပဲ ကျနော်တို့ မိဘတွေ ဇနီးတွေ သားသမီးတွေ နောက်ခင်ပွန်းတွေ ချွေးမတွေ သမက်တွေကို ထပ်ပြီးတော့ဖြစ်စေလိုက်တာဖြစ် ပါတယ်၊ ဒါကြောင့် ၄၇ ခုနှစ်ဥပဒေတုန်းက ဥပဒေကို အပိုဆောင်းပြီးဖြည့်ဆည်းတာမရှိဘဲနဲ့ လွှတ်တော် ကိုယ်စားလှယ် တနည်းအားဖြင့် အမတ်မဖြစ်ရမယ့် အရည်အချင်းမျိုးတွေမပါဖို့ပဲ ပြဌာန်းထားပါတယ်၊ ကာယကံရှင်နဲ့ပဲ ဆိုင်ပါတယ်၊ ဒါကြောင့် ဗိုလ်ချုပ်လက်ထက်တုန်းက အခြေအနေမျိုးနဲ့ အခု ၅၉(စ) ဟာ ဗိုလ်ချုပ်တို့ လက်ထက်တုန်းကတည်းက ရှိခဲ့တယ်ဆိုတဲ့အယူအဆဟာ လွဲမှားနေပါတယ်၊ ဥပဒေရေးရာ အရလည်း အချက်အလက်မမှန်ကန်ပါဘူးလို့ တင်ပြချင်ပါတယ်"
အခု ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်တယ်ဆိုပေမဲ့ အမည်ခံသာဖြစ်ပြီး၊ မျှတမှု ကင်းမဲ့နေတယ်ဆိုတဲ့ အနှစ်သာရကတော့ ထူးခြားမလာကြောင်း ဆွေးနွေးခဲ့ပါတယ်။ အလားတူ ပုဒ်မ ၄၃၆ နဲ့ပတ်သက်ပြီးတော့လည်း လက်ရှိအနေအထား ဟာ တပ်မတော်သဘောမတူရင် ဘာမှပြင်လို့မရတဲ့ သဘောဖြစ်နေကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ဖို့သဘောတူ တဲ့ ရာခိုင်နှုန်း လျှော့ပေါ့ဖို့ကိုတောင် သဘောမတူနိုင်ရင်၊ ဒီမိုကရေစီကို သဘောမတူရာရောက်ကြောင်း ဦးအောင်ကြည်ညွန့်က ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီစနစ်နဲ့မကိုက်ညီတဲ့ ဥပဒေ/ပုဒ်မတွေထဲက ၅၉ (စ) လို သမ္မတ အရည်အချင်း ကန့်သတ်ထားတာကို ဖျက်သိမ်းဖို့၊ အရေးပေါ်ကာလမှာ ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာကုန်လွှဲအပ်ပေးတဲ့ ပုဒ်မမျိုးကို ဖျက်သိမ်းဖို့နဲ့ ပုဒ်မ ၄၃၆ ရဲ့ တင်းကြပ်လွန်းတဲ့ ပြဌာန်းချက် ကို လျှော့ချဖို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။