အခြေခံဥပဒေပြင်ဖို့ အကြံပြုချက် (၃) သိန်းကျော်ရရှိ

costitution-305
costitution-305 (Photo: RFA)

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အကြံပြုချက်ပေါင်း သုံးသိန်း နှစ်သောင်း သုံးထောင်ကျော် လက်ခံရရှိထားတယ်လို့ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အကြံပြုလွှာတွေပေးပို့ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်၊ မနေ့က ညနေ ၄ နာရီခွဲ အချိန်အထိ ကော်မတီကို ဌာန၊ အသင်းအဖွဲ့၊ ပါတီနဲ့ လူပုဂ္ဂိုလ်အသီးသီးက ရေးပို့လာတဲ့ အကြံပြုစာပေါင်းစောင်ရေ နှစ်သောင်း ရှစ်ထောင်နီးပါးရရှိပြီး အဲဒီစာတွေထဲမှာ အကြံပြုချက်ပေါင်း သုံးသိန်း နှစ်သောင်းကျော် ပါဝင်တယ်လို့ ဒီကနေ့ထုတ် အစိုးရသတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီအကြံပြုချက်တွေကို ဇန်နဝါရီ (၇) ရက်နေ့မှာ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက စတင်ဆွေးနွေးမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။

" ကျွန်မတို့ ၇ ရက်နေ့ကို အစည်းအဝေးခေါ်ထားပါတယ်၊ အဲ့ကျမှ ရရှိတဲ့ အကြံပြုချက်စာပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်၊ အဲ့မှာတင်စပြီးတော့ သူတို့ လုပ်ငန်းတွေခွဲပါလိမ့်မယ်၊ အဖွဲ့လိုက် လုပ်ငန်းခွဲလိမ့်မယ်လို့တော့ ကျွန်မထင်ပါတယ်"

ကော်မတီရဲ့ ထုတ်ပြန်ချက်အရ ပြင်ဆင်ဖို့ အကြံပြုချက် အများဆုံး လက်ခံရရှိတဲ့ အပိုင်းကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း (၁)၊ နိုင်ငံတော် အခြေခံမူများ အပိုင်းဖြစ်ပြီး အဲဒီအပိုင်းအတွက် အကြံပြုချက် စုစုပေါင်း တစ်သိန်း လေးသောင်းကျော်ရှိပါတယ်။

နိုင်ငံတော်အကြီးအကဲ သမ္မတရဲ့အရည်အချင်းသတ်မှတ်ချက်တွေ ပါဝင်တဲ့ အခန်း ၃ ကိုတော့ ပြင်ဆင်ဖို့ အကြံပြုချက် သုံးထောင့် သုံးရာကျော်ရှိတယ်လို့ သိရပါတယ်။

အခြေခံ ဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ၂၀၁၃ ဇူလိုင်လက လွှတ်တော်ကိုယ်စားလှယ် ၁ဝ၉ ဦးနဲ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး မူလက အစီရင်ခံစာ တင်ရမယ့်ရက်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ သတ်မှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလလယ်ကို ပြောင်းရွေ့ခဲ့ပါတယ်။