၄၅ ဦး ကော်မတီကို တပ်မတော် ကန့်ကွက်
2019.12.20

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ပြန်လည်စတင်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဥပဒေမူကြမ်း တစ်စောင် တင်ပြနိုင်ဖို့ ကြိုးစားနေပါတယ်။
လွှတ်တော် နာယက ဦးတီခွန်မြတ်က ၂၀၂၀ ပြည့်နှစ် မကုန်ဆုံးခင် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆောင်ရွက် သွားမယ်လို့ လွှတ်တော်မှာ ပြောကြားထားပါတယ်။
ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် တင်ဆွေဝင်းက ဒီနေ့ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယကကို စာပေးပို့ တင်ပြခဲ့တာဖြစ်ပြီး အဲဒီစာထဲမှာ ကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦးဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာတဲ့ အနေနဲ့ စိတ်ရှည်သည်းခံပြီး တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယကထံ ကန့်ကွက်စာ ပေးပို့ထားတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် တင်ဆွေဝင်းကို သတင်းထောက်တွေက မေးမြန်းရာမှာ ဘာမှမှတ်ချက်ပေးစရာ မရှိဘူးလို့ ပြောပါတယ်။
ပူးပေါင်းကော်မတီမှာ အားလုံး ဘုံသဘောတူညီချက်ရအောင် ညှိုနှိုင်းဆောင်ရွက်မယ်လို့ စကားလုံး လှလှနဲ့ ပြောထားပေမယ့် NLD ပါတီရဲ့ ပြင်ဆင်ချက်တွေသာ အတည်ဖြစ်နေတာဟာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေ မဟုတ်တာကြောင့် ကန့်ကွက်တယ်လို့လည်း ဝေဖန်ထားပါတယ်။
ဥပဒေမူကြမ်းအတွက် ပူးပေါင်းကော်မတီမှာ မဲခွဲဆုံးဖြတ်ရင် အချက်တစ်ချက်ကို စဉ်းစားသုံးသပ်၊ ထောက်ခံ၊ ကန့်ကွက်ဖို့ အများဆုံး အချိန် ၅ မိနစ်အတွင်း ဆောင်ရွက်စေတာဟာ သင့်တင့်လျောက်ပတ်တဲ့ လုပ်ဆောင်ချက် မဟုတ်တဲ့ အတွက်လည်း ကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် NLD ပါတီက ဦးစီးဆောင်ရွက်နေသူတွေထဲမှာ တစ်ဦးပါဝင်တဲ့ ပြင်ဆင်ရေး ကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အဲဒီကန့်ကွက်စာကို တပ်မတော်ဘက်က ဘယ်ကိုတင်ပြတယ်၊ ဘာတွေပါတယ်ဆိုတာ သူမသိသေးတဲ့အတွက် မှတ်ချက်ပြု ဆွေးနွေးဖို့ မရှိသေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီစနစ်အရ သဘောထား မတိုက်ဆိုင်တဲ့အခါ ငြင်းခုန်ဆွေးနွေးကြတာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်လို့ ခြောက်ခြားစရာမရှိပေမယ့် ဆွေးနွေးတဲ့အခါ ဥပဒေစည်းကမ်းတွေနဲ့ အညီဆွေးနွေးကြရင် သင့်တော်မယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တင်ပြတဲ့ ဥပဒေမူကြမ်းတွေအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးစဉ် အသုံးအနှုန်းတွေ ပြင်းထန်ခဲ့တာကို သူကရည်ညွှန်း ပြောဆိုခဲ့တာပါ။
လက်ရှိမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ ဥပဒေမူကြမ်း ငါးခုရှိပြီး ၄၅ ဦး ပူးပေါင်းကော်မတီက တင်ပြလာမယ့် မူကြမ်းနဲ့ပါဆိုရင် စုစုပေါင်း ခြောက်ခုထိ ရှိပါမယ်။
အဲဒီ မူကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ တပြိုင်တည်း ယှဉ်တွဲဆွေးနွေးပြီး အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတစ်ခု ပေါ်ထွက်လာဖို့ စီစဉ်ထားကြတာပါ။
မူလက ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ အဖွဲ့ဝင် ၄၅ ဦးရှိပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ နုတ်ထွက်ခဲ့တဲ့အတွက် ကော်မတီဝင် အယောက် ၄၀ ကျန်ရှိပါတယ်။
အဲဒီအထဲမှာ ဒူးလေးပါတီက ဦးလာမာလေးကလည်း ကော်မတီအစည်းအဝေးတွေကို ၉ လခန့် မတက်ရောက်ဘဲ ပျက်ကွက်နေတဲ့အတွက် ၃၉ ဦးသာ ကျန်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အချိုးညီညီ ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီဟာ အချိုးမညီ မဲပေးမှု မမျှတတဲ့အတွက် ပြန်လည် ဆန်းစစ်သင့်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဥပဒေမူကြမ်းအတွက် မဲခွဲရင် တိုင်းရင်းသားပါတီတွေရဲ့ ပြင်ဆင်ဖြည့်စွက်ဖို့ တင်ပြချက်တွေ မပါဝင်တော့ဘဲ အနိုင်ရ NLD ပါတီရဲ့ ပြင်ဆင်ချက်တွေသာ မဲများသူသာ နိုင်သည့်စနစ်အရ အတည် ဖြစ်နေတာကြောင့် ကန့်ကွက်တယ်လို့ နာယကထံ တင်ပြစာမှာ ပါရှိပါတယ်။
ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီရဲ့ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယန်ကျင်းကန် က တိုင်းရင်းသားပါတီတွေ ကော်မတီမှာ ဆက်ပြီးရှိနေတဲ့အပေါ် ရပ်တည်ချက် သဘောထားကို ပြောပြပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ နိုင်ငံရေးပါတီ အသီးသီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ အချက်ပေါင်း ၃၇၀၀ ကျော်ထဲက ဥပဒေမူကြမ်းတစ်စောင် ပေါ်ထွက်ဖို့ ကြိုးစားနေတာပါ။
ဒီလို ဆောင်ရွက်တာဟာ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် NLD ပါတီက နိုင်ငံရေး ကစားနေသလို မဖြစ်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဝေဖန်ထားသလို NLD ပါတီ ကိုယ်စားလှယ်တွေ ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး အမှန်တကယ် ဆန္ဒရှိတယ်ဆိုရင် အားလုံးပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ တုံ့ပြန်ထားပါတယ်။
အခြေခံဥပဒေပြင်ဆင်ဖို့ NLD ပါတီက လွှတ်တော်တွင်း ကြိုးပမ်းချက်တွေဟာ အငြင်းပွားစရာ ဖြစ်နေတဲ့အပြင် တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ထင်ဟပ်နိုင်ခြင်း မရှိဘူးလို့ ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခအပါအဝင် ဖြေရှင်းဖို့ တခြားပြဿနာ အများအပြား ရှိနေချိန်မှာ အခြေခံ ဥပဒေပြင်ဆင်ဖို့ အချက်ပေါင်း ၃၇ဝဝ ကျော် တင်ပြလာတာကို သူကထောက်ပြပါတယ်။
“ပြင်ဆင်ရေးရဲ့ရည်ရွယ်ချက်က ဘာလဲ၊ ဘာလုပ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ ဆိုတာက မပေါ်လွင်ဘူး ဖြစ်နေတယ်။ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်နေတယ်” လို့ ဦးရဲနိုင်အောင်က RFA က အောက်တိုဘာ လဆန်းပိုင်းက ထုတ်လွှင့်တဲ့ ယနေ့နိုင်ငံရေး ရုပ်သံအစီအစဉ်မှာ ပြောပါတယ်။