ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ထောက်ကြံ့ မြို့မှာ ဆန္ဒပြ
2014.02.23

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၅၉(စ) ပယ်ဖျက်ပေးရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပယ်ဖျက်ပေးရေးအတွက် လူအင်အား ၃၀၀ လောက်ဟာ ဒီနေ့မနက် ၆ နာရီက ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့ ဇိနမာန်အောင်ဘုရားရှေ့ကနေ ကျိုက်ကလော့ ဘုရားရှေ့အထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါရှိတဲ့ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ပုဒ်မတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဦးဝင်းနိုင်မိုးက ပြောပါတယ်။
"အမျိုးသားနိုင်ငံရေးကိစ္စတွေမှာ တပ်မတော် ပါဝင်နိုင်ရေးဆိုတာဟာ မဟုတ်သေးဘူးပေါ့နော်၊ နောက် ၁၇(ခ)က ကိုယ်ပိုင်အုပ်ချုပ်ရတဲ့ဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့ ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းတဲ့လူကိုပဲ ခန့်ထားပေးရတယ်ဆိုတဲ့ဟာ ဒီမိုကရေစီနဲ့လည်း မကိုက်ညီဘူး၊ နောက်ပြီးတော့ ၅၉(စ)က လူတစ်ဦးတစ်ယောက်ကို သမ္မတမဖြစ်ရန် ရည်ရွယ်ပြီးတော့ ပိတ်ဆို့ထားတဲ့ပုံစံကြီးဖြစ်နေတယ်၊ လွှတ်တော်ကိစ္စနဲ့ ပတ်သက်လို့ပေါ့နော် လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းကျော်ရမှ ပြင်ဆင်ရမယ် သဘောတူတာတွေ၊ ဆန္ဒမဲနဲ့ ပြင်ဆင်ရမယ်ဆိုတဲ့ အချက်တွေဟာ ပြင်လို့မရအောင် အချုပ်ခံထားတဲ့ကိစ္စတွေဖြစ်တယ်၊ နောက်ပြီးတော့ ပုဒ်မ ၁၈ ပေါ့၊ ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့ဟာတွေကို ဆန္ဒပြတာပါ"
အဲဒီဆန္ဒပြပွဲမှာ ထောက်ကြံ့မြို့က ရပ်ကွက်နာရေးကူညီမှုအသင်း၊ အဖြူရောင်ကွန်ရက်၊ ထောက်ကြံ့ဈေး အလုပ်သမားသမဂ္ဂ၊ အလင်းတန်းလူမှုရေးကွန်ရက်စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဆန္ဒပြခွင့်အတွက် လူပေါင်း ငါးရာလောက်ပါဝင်ဖို့ ခွင့်ပြုချက်တောင်းခံခဲ့ရာမှာ မြို့နယ်ရဲတပ်ဖွဲ့က လူသုံးရာသာ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။