ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဗဟန်းမှာ ကျင်းပ


2014.02.23
constitution-amendment-305.jpg ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးဟောပြောပွဲမှာ တက်ရောက်လာသူများကို တွေ့ရစဉ်
photo: RFA/ Kyaw Htoon Naing

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေ လိုလားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်လာ ဖို့ ပြည်ထောင်စု လွှတ်တော်မှာ နေရာအများစု ရထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက လွှတ်တော်တွင်းမှာ ဝိုင်းဝန်း ကြိုးပမ်းပေးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျာက ဒီနေ့ လူထုဟောပြောပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးဟောပြောပွဲမှာ ကိုမင်းဇေယျာက အခုလို တိုက်တွန်းခဲ့တာပါ။

ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို၊ မင်းဇေယျာ၊ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ ကိုဝေလုနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့က ဦးဆောင်ဟောပြောခဲ့ကြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားတဲ့ ကြီးလေးကြီး တွေ့ဆုံ ဆွေးနွေးမှုကိုလည်း အမြန်ဆုံးဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီဟောပြောပွဲကို ရွှေညဝါဆရာတော် အရှင်ပညာသီဟကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သဝဏ်လွှာပေးပို့ခဲ့ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပိုကောင်းမွန်တဲ့ ဥပဒေဖြစ်လာအောင် စိတ်ကောင်းစေတနာကောင်းထားပြီး ပြင်ဆင်ဖို့ အချိန်တန်နေပြီဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဗိုလ်စိန်မှန် အားကစားကွင်းမှာကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရေး ဟောပြောပွဲကို ရန်ကုန်မြို့ခံ ၅၀၀ နီးပါးတက်ရောက်ခဲ့ကြပြီး အဲဒီဟောပြောပွဲမှာ တက်ရောက်ခဲ့ကြသူတွေက  ညနေပိုင်းမှာ ရန်ကုန် တာမွေမြို့နယ်မှာ နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့  ပုဒ်မ ၅၉ (ဃ) နဲ့ (စ)ကို ဖျက်သိမ်းပေးဖို့ စီတန်းလှည့်လည် တောင်းဆိုခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။