ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်းခရိုင် ဆန္ဒပြ
2014.06.22

အဖွဲ့အစည်း ၃၅ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ဒီမိုကရက်တစ် တက်ကြွလှုပ်ရှားသူများကွန်ရက်က ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲနဲ့ ဟောပြောပွဲကို ဒီနေ့ သန်လျင်မြို့ အာဇာနည်ကွင်းမှာ ကျင်းပပြီး သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆို တဲ့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲ နဲ့ ဟောပြောပွဲကျင်းပ ရတဲ့အကြောင်း ဒီမိုကရက်တစ် တက်ကြွလှုပ်ရှားသူများ ကွန်ရက်အဖွဲ့ဝင် ကိုလွင်ကိုလတ်က အခုလိုပြော ပါတယ်။
"အခုအချိန်မှာတော့ ကျနော်တို့ ၂၀၁၅ ဆိုတာလည်း မဝေးတော့တဲ့အတွက် အားလုံးစုပေါင်းပြီးတော့ ဒီအခြေခံ ဥပဒေပြင်ဆင်ရေးကို ဝိုင်းဝန်းဆောင် ရွက်ကြမယ်ဆိုတဲ့ စိတ်နဲ့ပဲဒီ network အဖွဲ့အစည်း ကို ဖွဲ့ပြီးလုပ်ဖြစ်တာပါ၊ ဒီ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုတာ ပါတီတစ်ခု အာဏာရဖို့ လုပ်နေတာလည်း မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းတစ်ခုလုံး ဒီမိုကရေစီ အခွင့်အရေးတွေကို အကုန်လုံး ပြည့်ပြည့်ဝဝခံစားဖို့အတွက် ဆောင်ရွက်နေတာပါ"
အဖွဲ့အစည်းပေါင်း ၃၅ ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ် က ရေးဆွဲထားတာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ဆန္ဒကို မထင်ဟပ်ကြောင်း၊ ဒီမိုကရေစီစနစ်နဲ့ သွေဖီနေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်ကို အာဏာအများဆုံးပေးထားတဲ့အတွက် ပြည်သူတွေနဲ့ စစ်တပ်အကြားမှာ သံသယတွေဖြစ်ပွားစေပြီး သွေးခွဲသလိုဖြစ်နေကြောင်းနဲ့ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ တန်းတူအခွင့်အရေးကို မပေးထားကြောင်း ပါရှိပါတယ်။
အဲ့ဒီအချက်တွေကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး စစ်မှန် တဲ့ ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ဖို့ လိုအပ်ကြောင်းလည်း တောင်းဆိုထားပါတယ်။
ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဇော်မင်း၊ ကရင်အမျိုးသမီးများ ဖံ့ွဖြိုးတိုးတက်မှုအဖွဲ့နဲ့ အမျိုးသမီးများ ငြိမ်းချမ်းရေး ရှေ့ဆောင်ကွန်ယက်က ဒေါ်စူဇန်နာလှလှစိုး၊ ဥပဒေပညာရှင် ဦးဌေးနဲ့ သံလျင်မြို့နယ်က မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးတင်ဝင်းတို့က ဟောပြောခဲ့ကြပါတယ်။
ဒီမိုကရက်တစ် တက်ကြွလှုပ်ရှားသူများအဖွဲ့ဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်လုံးဆိုင်ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲနဲ့ ဟောပြောပွဲကို ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကလည်း ဒေါပုံမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာကို နားဆင်နိုင်ပါပြီ။