ပဋိပက္ခသတင်းရယူ တင်ပြမှု မြှင့်တင်ရေး ဆွေးနွေး

အရပ်ဘက်လူ့အဖွဲ့အစည်တွေနဲ့ မီဒီယာတွေ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပစဉ်
အရပ်ဘက်လူ့အဖွဲ့အစည်တွေနဲ့ မီဒီယာတွေ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပစဉ် (Photo: Wai Yan Moe Myint / RFA)

သတင်းသမားတွေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ ကွင်းဆင်းသတင်းရယူတာ အားနည်းနေတယ်လို့ ဒီနေ့ Park Royal Hotel မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ သတင်းရေး သားတင်ပြမှု တိုးတက်စေရေး ဆွေးနွေးပွဲမှာ တိုင်းရင်းသားအရပ်ဘက် လူမှုအဖွဲ့အစည်းတွေ က ထောက်ပြပြောဆိုပါတယ်။

သတင်းထောက်တွေဟာ ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေ ကို ကိုယ်တိုင်သွားရောက်သတင်းယူဖို့ လိုအပ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ တအာင်း အမျိုးသမီးအဖွဲ့က ဒီဒီပိုးကျိန်က ပြောပါတယ်။

"သတင်းက အမြဲတမ်းလိုလို ဖုန်းထဲမှာပဲ၊ အမြဲတမ်းလိုလို ကြေညာချက်ထုတ်မှပဲ ကိုယ့်သတင်းရောက်တယ်ဆိုတဲ့ဟာမျိုးတွေ မဖြစ်တော့ဘူးပေါ့နော်၊ သူတို့ကိုယ်တိုင် တိုင်းရင်းသားဒေ သသွားတယ်၊ ပြီးခဲ့တဲ့အခေါက်က သူတို့လားရှိုးလာတယ်၊ ပြီးတော့ သူတို့ဆက်တိုက် နောက်ထပ်တက် သွားတယ်၊ အဲဒီ့သူတို့တက်တဲ့ကာလမှာပဲ တိုက်ပွဲတွေ နမ့်ခမ်းဒေသမှာ ဖြစ်နေပါတယ်၊ တိုက်ပွဲဖြစ်နေ တဲ့အချိန်မှာ ဒီသတင်းမီဒီယာသမားတွေရဲ့ အခန်းကဏ္ဍ အင်မတန်အရေးကြီးတယ်၊ သူတို့လည်း အဲဒီ့ အတွေ့အကြုံရှိဖို့ လိုအပ်တာပေါ့"

လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခသတင်းတွေ ကို နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြတဲ့အခါ တစ်ဖက်သတ် အရေးအသားတွေ ရှိနေဆဲဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်လာသူတွေက ဆိုပါတယ်။

သတင်းသမားတွေအနေနဲ့ သတင်းရေးသားဖော်ပြရာမှာ လက်ရှိဖြစ်စဉ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေကို သာ ဦးစားပေးဖော်ပြကြပြီး နောက်ဆက်တွဲအခြေအနေကို ရေးသားမှုအားနည်းနေတယ်လို့ သတင်းထောက် တချို့က ထောက်ပြကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်၊ ရှမ်းလူငယ် ကွန်ရက်၊ အဖြူရောင်တွဲလက်များ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) စတဲ့ အဖွဲ့တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။