ယင်းမာပင်မြို့နယ်မှာ ရဲတပ်ဖွဲ့က ရာဘာကျည်သုံးပစ်ခတ်လို့ လေးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုန်းတောနဲ့ ပြန်လှည့်ကျေးရွာကြား လျှပ်စစ်မီးကြိုး သွယ်တန်းတာကို ပြန်လှည့်ရွာသားတွေက တားဆီးခဲ့တာကြောင့် ဒေသခံကျေးရွားသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပြီး ပြန်လှည့်ကျေးရွားသား လေးဦး ရာဘာကျည်ထိမှန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ရာဘာကျည်သုံး ပစ်ခတ်လို့ ဒဏ်ရာရခဲ့တဲ့ ပြန်လှည့်ရွာသားတစ်ဦးကို တွေ့ရစဉ် Photo: Aung Htet Aung

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အုန်းတောကျေးရွာ လျှပ်စစ်မီးရဖို့ ပြန်လှည့်ကျေးရွာမှာ ကျေးရွာသားတွေ ကိုယ်ထူကိုယ်ထစိုက်ထူထားတဲ့ လျှပ်စစ်ထရန်ဖော်မာက တစ်ဆင့်သွယ်တန်းဖို့ ဒီနေ့မနက်က ပုဂ္ဂလိက ကုမ္ပဏီနဲ့ အာဏာပိုင်တွေစီစဉ်ရာမှာ ပြန်လှည့်ကျေးရွာသားတွေက ကန့်ကွက်တားဆီးခဲ့ပါတယ်။ ကန့်ကွက်တားဆီးသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပြီး ရဲတပ်ဖွဲ့က ရာဘာကျည်သုံးလူစုခွဲခဲ့ရာမှာ ပြန်လှည့်ရွာသား လေးဦး ကျည်ထိမှန်ခဲ့ပါတယ်။

သေနတ်ဒဏ်ရာ ရှစ်ချက်ထိမှန်ခဲ့တဲ့ ပြန်လှည့်ကျေးရွာသား ဦးကြည်ထွန်းက ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ရွာထဲကနေပြီး မီးကြိုးသွယ်တန်းတာဆိုတော့ အန္တရာယ်များလို့ ရွာထဲကသူတွေက ထွက်တားကြတာ၊ ရဲတွေကလည်း လူပေါင်း ၄၀၊ ၅၀ လောက်ပါတယ်၊ အမျိုးသမီးတွေက ထွက်ပြီးတော့ တားတဲ့အခါမှာ ရဲတွေက ကာဘာတွေပါတယ်၊ ရိုက်တုတ်တွေလည်း ပါတယ်၊ တက်လာတဲ့သူတွေမှန်သမျှကို ရိုက်တယ်၊ ကျွန်တော်တို့ကို ပြောမရတဲ့အခါကျတော့ သူတို့က သေနတ်တွေနဲ့ရော ရာဘာကျည်နဲ့ပါ မိုးပေါ်ထောင်ပစ်တယ်၊ ကျွန်တော်တို့ ကျည်ခွံတွေကို ကောက်ထားတယ်၊ ကျွန်တော့်မှာ ရှစ်ချက်မှန်တယ်၊ ရာဘာကျည်ဆံ ကျွန်တော်ယူခဲ့တယ်၊ အင်အားသုံးပစ်ခံရတယ်ဆိုတော့ ကျွန်တော်တို့ကို ဘာဥပဒေနဲ့ ပစ်ခံရတယ်ဆိုတာကို ကျွန်တော်တို့က လက်မခံနိုင်တာပါ"

သေနတ် ဒဏ်ရာရရှိသူ လေးဦးကို မုံရွာဆေးရုံကြီးမှာ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေက ပို့ဆောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ပြန်လှည့်ကျေးရွာက ကိုယ်ထူကိုယ်ထ စိုက်ထူထားတဲ့ လျှပ်စစ်မီးကို အုန်းတောကျေးရွာကို ခွဲယူသွယ်တန်းဖို့ စီစဉ်ရာမှာ ပြန်လှည့်ကျေးရွာသားတွေက ကန့်ကွက်တားဆီးခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒေသခံကျေးရွာသားတွေက ရွာအပြင်ဘက်မှာရှိတဲ့ တခြားနေရာကနေ သွယ်တန်းဖို့ တောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးကို ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ အသေးစိတ်မသိရသေးကြောင်း ပြောပါတယ်။

"ကျွန်တော်အနေနဲ့ကတော့ ဘာကြောင့် အင်အားသုံးဖြိုခွဲတယ်ဆိုတာကို ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဖြေရှင်းချက်ပေးပါဆိုပြီးတော့ ပြောထားတယ်၊ ခရိုင်ထွေအုပ်မှာ ဖေ့စ်ဘွတ်ရှိတယ် အဲဒီကနေ ရှင်းလင်းချက်ပေးပါလို့ ဒါမှမဟုတ်ရင် သတင်းစာရှင်းလင်းပွဲလုပ်ပါဆိုပြီးတော့ ပြောထားပါတယ်၊ ဒဏ်ရာရတဲ့သူတွေက ဆေးရုံမှာ တစ်ယောက်ထဲတင် ဒဏ်ရာ အများကြီးရတယ်"

ပြန်လှည့်ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ဒေသခံကျေးရွာသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံတွေက ခဲတွေနဲ့ပစ်တာကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင်အဆင့် တာဝန်ရှိသူတွေ ဆွေးနွေးနေပြီး အသေးစိတ်ကို ထုတ်ဖော်ပြောဆိုလို့မရသေးကြောင်း ယင်းမာပင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်ထွန်းက RFA ကို ပြောပါတယ်။

"အဓိက ဓာတ်တိုင်သွားစိုက်တဲ့အခါမှာ သူတို့က လက်မခံတာပေါ့၊ တခြားရွာကို သွယ်ဖို့လုပ်တာကို လက်မခံဘဲ ဝိုင်းလာတဲ့အတွက်ကြောင့် ပစ်ခတ် လူစုခွဲရတာပါ၊ သူတို့က အသွယ်မခံတာက မီးကြိုးသွယ်ရင် လျှပ်စစ်ရှောဖြစ်မှာကို စိုးရိမ်ပြီးတော့ တားတာပေါ့၊ လူကြီးတွေ အစည်းအဝေး မပြီးသေတာကြောင့် အသေးစိတ်ကို ပြောလို့မဖြစ်သေးတာပါနော်"

ရဲတပ်ဖွဲ့က ရာဘာကျဉ်သုံး ပစ်ခတ်လူစုခွဲခဲ့တာကို ဒဏ်ရာရှိခဲ့တဲ့ ဒေသခံတွေက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နဲ့ မုံရွာ ရဲစခန်းတွေကို တိုင်ကြားဖို့ စီစဉ်နေတယ်လို့လည်း ပြောကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်နဲ့ စွမ်းအင်ဌာနနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org