ယန်စီကုမ္ပဏီနဲ့ ယင်းမာပင်ဒေသခံတို့ကြား ပြေလည်မှုမရသေး

ဝေယံမိုးမြင့်
2019.11.23
shwehninsi-mountain-fence-622 ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာအနီးက မြေတွေကို မြန်မာယန်စီကုမ္ပဏီက ခြံစည်းရိုးခတ်ထားတာကို တွေ့ရစဥ်
Photo: Aung Thu Ra

မြန်မာယန်စီကုမ္ပဏီ ခြံစည်းရိုးခတ်နေတဲ့ ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာအနီးက ရွှေနှင်းဆီတောင်မှာ ကျေးရွာပိုင် စားကျက်မြေနဲ့ ပလပ်မြေတွေ ပါဝင်နေတယ်ဆိုပြီး ဒေသခံတွေက ဒီနေ့မနက်က တားမြစ်ကြတာပါ။

အဲဒီတောင်မှာ ဧက ၆၀၀၀ ကို စီမံကိန်းနယ်မြေအဖြစ် မြန်မာယန်စီကုမ္ပဏီက ၂၀၁၆ ခုနှစ်ထဲက လုပ်ကိုင်ခွင့် ရရှိထားတာဖြစ်ပါတယ်။

ကုမ္ပဏီက ခြံစည်ရိုးခတ်တဲ့နေရာတွေဟာ မူလက ကျေးရွာနဲ့ သဘောတူသတ်မှတ်ထားတဲ့နေရာနဲ့ မတူညီတဲ့ အတွက် ကန့်ကွက်ခံနေရတာလို့ ယင်းမာပင်မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ပြောပါတယ်။

“ယန်စီကုမ္ပဏီက အစောပိုင်းထဲက ဧက ၆၀၀၀ ကျော်လောက် ဧရိယာသတ်မှတ်ထားတာရှိတယ်။ ဒါပေမဲ့လို့ သူတို့က ခြံစည်းရိုးရဲ့ အတွင်းပိုင်း၊ အပြင်ပိုင်းဆိုပြီး ကွဲပြားနေတာရှိတယ်။ မူလဆောင်ရွက်တုန်းက ခြံစည်းရိုး က တစ်မျိုးပေါ့။ အခုကျတော့ ဧရိယာထဲမှာ ပါပြီးတော့ အသုံးမပြုတဲ့ နေရာတွေရှိတယ် အဲဒီဧရိယာတွေကို စွန့်ပစ်မြေစာပုံဖို့ဆိုပြီး ကုမ္ပဏီက ထပ်ပြီး ရချင်တာ”

စီမံကိန်းဧရိယာအတွင်း ပါဝင်တဲ့ လယ်ယာမြေဧက ၂၀၀ ကျော်အတွက် မြေယာလျော်ကြေးပေးဖို့ ကျေးရွာသားတွေနဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ တစ်ဧကကို ကျပ်သိန်း ၃၀ ပေးဖို့၊ ဒေသခံတို့ကို အလုပ်အကိုင်ပေးဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

မြေယာလျော်ကြေးကို ပြီးခဲ့တဲ့လက တစ်ကြိမ်၊ ဒီလမှာတစ်ကြိမ် ၁၀ သိန်းစီ ပေးထားပြီး ခြံစည်းရိုးခတ်ပြီးရင် နောက်ဆုံးအကြိမ်အဖြစ် ၁၀ သိန်းထပ်ပေးဖို့ သဘောတူထားကြတာပါ။

ဒီနေ့မနက်မှာ ကုမ္ပဏီက ရဲတပ်ဖွဲ့လုံခြုံရေးနဲ့ ခြံစည်းရိုးလာခတ်ရာမှာ ဒေသခံတွေက တားမြစ်တာကြောင့် ခဏရပ်ထားပြီး နှစ်ဘက်စောင့်ကြည့်နေတဲ့ အခြေအနေရှိတယ်လို့ ရွှေပန်းခိုင်ကျေးရွာသား ကိုဝင်းမင်းဌေးက ပြောပါတယ်။

စီမံကိန်းဧရိယာဆိုပြီး ကုမ္ပဏီက ခြံစည်းရိုးခတ်ရာမှာ မူလသဘောတူညီချက်မှာ မပါဝင်တဲ့ ကျေးရွာရဲ့ စားကျက်မြေဧက ၆၀၀ လောက် ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ စားကျက်မြေကို စီမံကိန်းဧရိယာထဲ ထည့်မယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးအဆောက်အဦးတွေ ဆောက်ပေးဖို့ဆိုပြီး ကုမ္ပဏီဘက်ကို တောင်းဆိုထားတယ်လို့ ရွှေပန်းခိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဌေးကပြောပါတယ်။

“ရပ်ရွာဖွံ့ဖြိုးရေးကိစ္စပေါ့ အခုသူတို့လုပ်တာက တောင်သူတွေကိုသိမ်းပြီး ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တာ ကုမ္ပဏီနဲ့ ညှိတာပဲရှိသေးတယ် ရွာအတွက်အသုံးကျမယ့်ဟာ ဆေးခန်းတို့ ဘာတို့ပေါ့ အဲ့ဒါတွေ ညှိနှိုင်းနေတယ် ညှိနှိုင်းဆဲကို မပြေလည်သေးဘူး”

ဒေသခံတွေဘက်က တောင်းဆိုချက်ကို တစ်စုံတရာ အကြောင်းမပြန်သေးဘဲ အခု ဒုတိယအကြိမ် လာတဲ့အပေါ် ထပ်ကန့်ကွက်တာလို့  ကိုဝင်းမင်းဌေးကပြောပါတယ်။

ရပ်ရွာကို ညှိနှိုင်း တိုင်ပင်တာ မရှိဘဲ အခု ကွန်ကရစ်တိုင်တွေနဲ့ပါ ခတ်နေတာ

“ပထမတစ်သုတ်ခတ်တုန်းက သံပိုက်လုံးနဲ့ခတ်တယ်ဗျ။ သံပိုက်လုံးနဲ့ခတ်တုန်းက ရပ်ရွာက သွားပြီးတော့ ပွင့်လင်းမြင်သာမှု ချပြဖို့ ရပ်ရွာနဲ့ ညှိနှိုင်းပြီးမှ ခတ်ဖို့ တစ်ခါသွားပြောထားတယ်။ အဲ့ဒါကို ရပ်ရွာကို ညှိနှိုင်း တိုင်ပင်တာ မရှိဘဲ အခု ကွန်ကရစ်တိုင်တွေနဲ့ပါ ခတ်နေတာ”

လက်ရှိအခြေအနေကို စီမံကိန်းမြေယာလျော်ကြေးပေးအပ်ရေးကော်မတီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံကို အကြောင်းကြားထားတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ပြောပါတယ်။

ဝန်ကြီးဦးကမ်ဇာမုံနဲ့ မြန်မာယန်စီကုမ္ပဏီ မန်နေဂျာကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ရွှေနှင်းဆီတောင်ဟာ ကြေးစင်တောင်နဲ့ တောင်ခမောက်တို့အနီးမှာရှိတာဖြစ်ပြီး ကြေးနီ ထွက်ရှိတယ်လို့ သိရပါတယ်။

တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာယန်စီကုမ္ပဏီဟာ ကြေးစင်တောင်နဲ့ စံပယ်တောင်တွေမှာ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေပြီး ဝါးစိမ်းတောင်မှာလည်း သတ္တုတူးဖော်ရေးစမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။