ပဇီကြီးရွာတိုက်ခိုက်မှု စစ်ကောင်စီကို အမေရိကန်နဲ့ ပြင်သစ်ရှုတ်ချ
2023.04.12

စစ်ကိုင်းတိုင်းမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၅၀ ကျော်သေဆုံးပြီး၊ အနည်းဆုံး ၃၀ လောက်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်အတွက် အထူးစိုးရိမ်ပူပန်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗီဒန့်ပတဲလ် က ဧပြီလ ၁၁ ရက် ညနေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဧပြီလ ၁၀ ရက်နေ့က ချင်းပြည်နယ်မှာ မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ အနည်းဆုံး လူ ကိုးဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ပြီးတဲ့နောက်နေ့မှာပဲ ဒီအကြမ်းဖက်မှုဆက်ဖြစ်လာတာလို့ ထောက်ပြထားပါတယ်။
ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မြန်မာစစ်တပ်က လူ့အသက်တွေကိုတန်ဖိုးမထားဘူးဆိုတာ မီးမောင်းထိုးပြတာဖြစ်သလို၊ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးကတည်းက ပြည်သူတွေကြုံနေရတဲ့ နိုင်ငံရေးနဲ့လူမှုဘဝအကျပ်အတည်းတွေအတွက် စစ်ကောင်စီမှာတာဝန်ရှိတယ်ဆိုတာကို ညွှန်ပြနေတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ ဆိုးဝါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကို အကန့်အသတ်မထားဘဲ ခွင့်ပြုပေးဖို့နဲ့၊ မြန်မာပြည်သူတွေ ဆန္ဒပြင်းပြနေတဲ့ စစ်မှန်တဲ့ဒီမိုကရေစီကိုလေးစားဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ကာကွယ်ပေးရမယ့်တာဝန်အပြင် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေသတွေကို လိုက်နာရမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် အမေရိကန်အနေနဲ့ နိုင်ငံတကာနဲ့ ဆက်ပြီးလက်တွဲဆောင်ရွက်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနည်းတူ ပြင်သစ်နိုင်ငံကလည်း ဒီဖြစ်ရပ်အတွက် အထူးဝမ်းနည်းရသလို ရှုတ်ချတယ်လို့ ပြင်သစ်သံရုံးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပဇီကြီးရွာ တိုက်ခိုက်ခံရမှုမှာ သေဆုံးရတဲ့မိသားစုတွေနဲ့ထပ်တူဝမ်းနည်းကြောင်းနဲ့ ဒဏ်ရာရထားတဲ့သူတွေ အမြန်ပြန်ပြီးကျန်းမာလာစေဖို့လည်း ဆုတောင်းထားပါတယ်။
အဲဒီအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) အရ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကျုးလွန်တဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့နဲ့၊ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်ကိုအပြည့်အဝလိုက်နာဆောင်ရွက်ဖို့ စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ထပ်လောင်းတောင်းဆိုလိုက်တယ်လို့ ဖော်ပြထားပါတယ်။