ဖားကန့် ကွန်ပျူတာသင်တန်းကျောင်း ဖျက်ဆီးခံရပြီး တစ်ဦးဖမ်းဆီးခံရ
2023.03.20

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်စီဆာရပ်ကွက်က အမျိုးသမီးများစွမ်းရည်မြင့်တင်ဖို့ ဖွင့်လှစ်ထားတဲ့ ကွန်ပျူတာသင်ကြားရေးစင်တာကို မတ်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ဖျက်ဆီး ခဲ့သလို ရုံးစောင့်အမျိုးသားကိုပါ ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ ဖွင့်ပွဲလုပ်ပြီး ၁၈ ရက်နေ့မှာ သင်တန်းစဖို့ ပြင်ဆင်ထားတာပေမယ့် ၁၇ ရက်နေ့ မနက် ၂ နာရီခန့်မှာ စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးသွားတာလို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“မနက် ၂ နာရီလောက်မှာ လာရှာတယ်။ အဲချိန်မှာ သင်တန်းလျှောက်ထားတဲ့သူတွေကို တော့ ရှာမတွေ့ဘူး။ အဲဒါနဲ့ ရုံးစောင့်တစ်ယောက်ကို ခေါ်သွားတယ်။ လင်မယား နှစ်ယောက်မှာ အမျိုးသမီးကိုတော့ ထားခဲ့တယ်။ အမျိုးသားကို ခေါ်သွားတာ အခုထိ ပြန်မလွှတ်သေးဘူး။ သင်ဖို့စုထားတဲ့ ကွန်ပျူတာကိုးလုံးကိုလည်း ရိုက်ခွဲခဲ့တယ်”
ဖမ်းဆီးခံရတဲ့ ရုံးစောင့်ဟာ အသက် ၃၀ အရွယ် ဦးအောင်ဆိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသင်တန်းကျောင်းကို မူးယစ်ဆေး ဆက်မသုံးစွဲတော့တဲ့ အမျိုးသမီးတွေနဲ့ ငွေကြေးခက်ခဲတဲ့ အမျိုးသမီးငယ် တွေအတွက် အခြေခံနည်းပညာတတ်မြောက်ပြီး အလုပ်အကိုင်ရရှိဖို့ ရည်ရွယ်ကာ ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (Wunpawng Myu Sha Zinlum Hpung) ရဲ့ အမျိုးသမီးကော်မတီက စတင်ခဲ့တာလို့ ဆိုပါတယ်။
ဒီဖောင်ဒေးရှင်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖားကန့်ဒေသက မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေအပြင် မူးယစ်ဆေးဖြတ်ပြီးသူတွေကို ကျောက်စိမ်း အလှဖော် သင်တန်းပေးတာ၊ ကွန်ပျူတာသင်တန်းပေးတာနဲ့ ချို့တဲ့သူတွေဖိနှိပ်ခံရရင် ဥပဒေလမ်းကြောင်းအရ ကူညီပေးတာတွေ လုပ်ဆောင်နေတာပါ။
ကချင်လူ့အခွင့်အရေး စောင့်ကြည့်အရေးဖွဲ့ (KHRW) ကလည်း ဖားကန့်က အမျိုးသမီး စွမ်းရည်မြင့်အလုပ်ရုံကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးသွား တာဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဟန့်တားပိတ်ပင်တာဖြစ်ပြီး နိုင်ငံတကာ အစိုးရတွေအနေနဲ့ အရေးယူပေးဖို့ မတ်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန် တောင်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေက သူ့အနေနဲ့ မသိနိုင်ဘူးလို့ မတ်လ လဆန်းပိုင်းက RFA ကို ပြောဆိုထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ်အတွင်း ဖားကန့်ဒေသမှာ KIO အမှုထမ်းတွေ အပါအဝင် ဒေသခံ ၃၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၂၄၀ ဝန်းကျင် ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူတွေကိုတော့ ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။