ကုမ္ပဏီနဲ့ လယ်သမားတွေအကြား တင်းမာမှုဖြစ်


2014.12.17
dawei-farmers-fence-305.jpg ထားဝယ်မြို့သစ် စီမံကိန်းအတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့က လယ်မြေများကို ကုမ္ပဏီဘက်က ခြံစည်းရိုးခတ်ထားစဉ်
Photo: Tun Tun Win Facebook

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့  မြို့သစ်စီမံကိန်း မှာ ကုမ္ပဏီတစ်ခုက ခြံစည်းရိုးခတ်လိုက်တာကို လယ်သမားတွေက ဖျက်ဆီးလိုက်တဲ့အတွက် နှစ်ဖက်တင်းမာမှုတွေ ဖြစ်နေပါတယ်။

တောင်သူတွေကို ကုမ္ပဏီဘက်က လာရောက် ညှိနှိုင်းခြင်းမရှိဘဲ ခြံစည်းရုံးခတ်ခဲ့တာကြောင့် အခု လို ဖြစ်ကြတာလို့ လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ် မူမူဆန်းက ပြောပါတယ်။

"ကျမတို့လည်းပြောတယ်ရှင့်၊ သူတို့က ဘာမှလဲမညှိနှိုင်းပဲနဲ့ အရမ်းအဓမ္မကြီး အလုပ်သမားတစ်ပုံကြီး ကားတွေနဲ့လာပြီး ဒီလိုမျိုးပဲလာလုပ်သွားတာရှင့်"

မနေ့က ဒေါ်မူမူဆန်းပိုင်တဲ့ လယ်မြေ ၂၃ ဧကထဲမှာ တိုးတက်ကောင်းကုမ္ပဏီက ဘူဒိုဇာတွေ နဲ့ မြေရှင်းပြီး ခြံစည်းရိုးခတ်ရာမှာ လယ်သမား ငါးဆယ်ကျော်က အဲဒီခြံစည်းရိုးတွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖဲ့ွက ထားဝယ်မြို့သစ် စီမံကိန်းအတွက် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဆန်းချီရပ်ကွက် မှာရှိတဲ့ လယ်မြေ ဧက ၃၀၀ ကျော်ကို သိမ်းယူခဲ့ပါတယ်။ လယ်မြေလျော်ကြေးအတွက် တစ်ဧကကို ကျပ် သုံးသိန်းပေးခဲ့ရာမှာ လျော်ကြေးငွေလက်မခံတဲ့ လယ်သမားတွေလည်း ရှိပါတယ်။

တိုင်းဒေသကြီးအစိုးရက ကုမ္ပဏီတွေကို ကန်ထရိုက်ပေးလိုက်တာကြောင့် ကုမ္ပဏီက ခြံစည်းရိုးခတ်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက လယ်ယာမြေတွေမှာ မြေကွက်တွေဖော်တဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ လယ်သမားတွေအကြား ပဋိပက္ခဖြစ်ပွားရာမှာ တောင်သူ ၂၀ လောက်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

မြို့သစ်စီမံကိန်းအတွက် သိမ်းဆည်းခဲ့တဲ့မြေဧက သုံးရာကျော်ထဲက မြေဧကတစ်ရာလောက်မှာ တိုင်းဒေသကြီး ဝန်ထမ်းအိမ်ယာတွေနဲ့ အစိုးရအဖွဲ့ရုံးအဆောက်အဦးတွေ ဆောက်လုပ်ပြီးစီးနေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။