တနင်္သာရီတိုင်းဒေသကြီးမှာ မွန်လူဦးရေစာရင်း ကောက်မည်

၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လုပ်ခဲ့ပါသည်။
၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လုပ်ခဲ့ပါသည်။ (Photo: RFA)

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းဒေသကြီးမှာ မွန်တိုင်းရင်းသား လူဦးရေကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မွန်တိုင်းရင်းသားတွေများတဲ့ တနင်္သာရီတိုင်းဒေသကြီး မြို့နယ် ၁၀ မြို့နယ်က မွန်လူဦးရေစာရင်းကို လာမယ့်နှစ် ဇန်နဝါရီလမှာစပြီး ကောက်သွားမယ်လို့ သိရပါတယ်။

မွန်နိုင်ငံရေးပါတီတွေ၊ မွန်အမျိုးသမီး အဖွဲ့အစည်းတွေ၊ မွန်တိုင်းရင်းသား အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၃၀ ကျော်ဟာ မနေ့က မော်လမြိုင် မြို့ ဈေးကြိုရပ် ဇောတိကရာမကျောင်းတိုက် မှာ ဆွေးနွေးပွဲကျင်းပပြီး ဆုံးဖြတ်ခဲ့တာပါ။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ မွန်တိုင်းရင်းသား လူဦးရေ ၆ သောင်းကျော်ရှိတယ်ဆိုရင် မွန်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ယောက် ရရှိနိုင်တာကြောင့် မွန်လူဦးရေစာရင်း ကောက်ခံ မှာဖြစ်တယ်လို့ မွန်စေတနာရှင်အဖွဲ့က မိငွေလေးက ပြောပါတယ်။

"တနင်္သာရီတိုင်းရှိ မွန်တွေရဲ့ လူဦးရေကို တိတိကျကျသိဖို့ရယ်၊ နောက်ပြီးတော့ လူဦးရေ ခြောက်သောင်းကျော်မယ်ဆိုလို့ရှိရင် မွန်ရေးရာဝန်ကြီးတစ်ယောက် ရရှိလာနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ"

၂၀၁၀ ရွေးကောက်ပွဲတုန်းက တနင်္သာရီတိုင်းမှာနေထိုင်တဲ့ မွန်လူဦးရေစာရင်း ကောက်ခံရာ မှာ လေးသောင်းကျော်သာရရှိခဲ့တာကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ မရခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်တစ်ခုတည်းမှာသာ မွန်တိုင်းရင်းသားရေးရာဝန်ကြီး တစ်ယောက်ရှိပြီး ၂၀၁၅ မှာ တနင်္သာရီတိုင်းအပြင် ရန်ကုန်တိုင်းမှာပါ မွန်တိုင်းရင်းသားရေးရာဝန်ကြီးရရှိဖို့ လူဦးရေစာရင်းကောက်မှာဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ လူဦးရေရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်းရှိရင် ရွေးကောက်ပွဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာ ဝင်ရောက်ရွေးကောက်ခံပိုင်ခွင့်ရှိတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းဖော်ပြထားပါတယ်။