ကျောက်မီးသွေးသုံးစက်ရုံ ကန့်ကွက်သူ ၅ ဦးကို ထောင် ၁ လစီချ
2018.11.28

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို တာဆီးပိတ်ပင်တယ်ဆိုပြီး မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ နဲ့ မြင့်ကုမ္ပဏီဘက်က ရွာသား ၅ ဦးကို တရားစွဲဆိုထားမှုအတွက် မြို့နယ်တရားရုံးက အမြင့်ဆုံး အပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် တစ်လကို ဒီနေ့ ချမှတ်လိုက်ပါတယ်။
၂၀၁၈ ခုနှစ် မတ်လက ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရာမှာ ကုမ္ပဏီအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ယူနေတဲ့ ကားတွေက ရွာအနီးလမ်းကနေ ဖြတ်သွားခဲ့တာကြောင့် ရွာသားတွေက ကန့်ကွက်၊ ပိတ်ပင်တာတွေ ပြုလုပ်ခဲ့ကြပြီး ရွာသား ငါးဦးကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အခုလို ပြစ်ဒဏ်ချမှတ်တာက ကုမ္ပဏီရဲ့လုပ်ရပ်ကို နောက်နောင်ရွာသားတွေဖက်က မကန့်ကွက်ရဲေအောင် ပြုလုပ်တာဖြစ်တယ်လို့ ထောင်ဒဏ်တစ်လချမှတ်ခံရတဲ့ အောင်သပြေကျေးရွာက တောင်သူ ဦးရွှေအုန်းက ပြောပါတယ်။
တရုတ်နည်းပညာနဲ့ တည်ဆောက်မယ့် မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို ၂၀၁၅ ခုနှစ် ဇွန်လက လုပ်ကိုင်ခွင့်ပြုခဲ့ တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ စက်ရုံတည်ဆောက်ဖို့ ပန္နက်တင်အခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီစီမံကိန်း စတင်အကောင်အထည်ဖော်တဲ့နောက်မှာ ကုမ္ပဏီနဲ့ ဒေသခံ ရွာသားတွေ မကြာခဏဆိုသလို ရုန်းရင်းဆန်ခတ် အငြင်းပွားမူတွေဖြစ်ခဲ့ရပြီး ရဲတပ်ဖွဲ့ အာဏာပိုင်တွေက ဝင်ရောက်တားဆီးခဲ့ရပါတယ်။
ထောင်ဒဏ်တစ်လချမှတ်ခံရတဲပ အောင်သပြေကျေးရွာက တောင်သူ ဦးရွှေအုန်းက အခုလို ပြစ်ဒဏ်ချမှတ်တာက ကုမ္ပဏီရဲ့လုပ်ရပ်ကို မကန့်ကွက်ရဲေအောင် ပြုလုပ်တာဖြစ်တယ်လို့ ပြောပါတယ်။
"အစိုးရအဖွဲ့က ကုမ္ပဏီကိုမကန့်ကွက်ရဲအောင် ကျနော်တို့ကို လုပ်လိုက်တာပါ။ အမှုမှန်မဟုတ်ဘူုးလို့ ယူဆပါတယ်။ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့ကို အမှန်တရား ပေါ်ပေါက်အောင်လုပ်တာပါ။ အခုလိုလုပ်လိုက်တဲ့ကိစ္စမှာ အစိုးရအဖွဲ့ ကျေနပ်မယ်လို့ယူဆပါတယ်။ ကျနော်တို့ကတော့ မကျေနပ်ပါဘူး။ ကုမ္ပဏီကို အရေးယူပေးဖို့တိုင်တယ်။ အရေးယူပေးတာ မရှိပါဘူး။ ပြည်သူတွေကိုတော့ အပြစ်ပေးတယ်"
မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစီမံကိန်းကို ဒေသခံရွာသားတချို့က အပြင်းအထန် ကန့်ကွက်မှုတွေရှိနေတဲ့အတွက် ရွာသားတွေကို လမ်းတံတားဥပဒေအပါအဝင် ငြိမ်းစုစီ ဥပဒေတွေနဲ့ တရားစွဲဆိုထားတာတွေလည်း ရှိပါတယ်။
ပုံမှန်အတိုင်းဆိုရင် ငွေဒဏ်လောက်သာ ဒီအမှုအတွက် ချမှတ်လေ့ရှိပေမယ့် ပြစ်ဒဏ်အမြင့်ဆုံး ထောင်ဒဏ်ချမှတ် တာဟာ တရားစီရင်ရေးမဏ္ဍိုင်မှာ အစိုးရအာဏာပိုင်တွေရဲ့ ဖိအားပါနေတယ်လို့ ယူဆနိုင်တဲ့အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားသွားမှာဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနတဲ့ တရားလွှတ်တော် ရှေ့နေ ဦးစည်သူက ပြောပါတယ်။
"စွဲတဲ့အမှုမှာ ရွေးချယ်ခွင့်ရှိပါတယ်။ တရားခံတွေက ရာဇသတ်ကြီးပုဒ်မ ၃၃၉ နဲ့ ကင်းလွတ်ချက်နဲ့ အကျုံးဝင် တယ်။ ဘာကြောင့်လဲဆိုရင် ဒီလမ်းက အများသူငှာပိုင်ဆိုင်တဲ့လမ်း မဟုတ်ဘူး။ ဒေသခံတွေ ယာခင်းထဲကနေ ဖောက်လုပ်ထားတဲ့ လမ်းဖြစ်တယ်။ ဒါဟာဆိုရင် သူတို့ပိုင်တဲ့လမ်းလို့ မှတ်ယူလို့ရပါတယ်။ ကင်းလွတ်ချက် မှာဆိုရင် သဘောရိုးနဲ့ပိတ်ဆို့ရင် အပြစ်ပေးလို့မရဘူးလို့ ဖော်ပြထားတယ်။ သာမန်မှာ ဒဏ်ငွေပဲသွားတယ်။ ထောင်မချဘူး။ ဒါတွေဟာဆိုရင် တစ်စုံတယောက်ကသော်လည်းကောင်း ဒီအတိုင်းလုပ်လို့ စီစဉ်ညွန်ကြားနေ သလားလို့ ထင်လာပြီ။ ဒီအပေါ်မှာ အယူခံလည်းတက်သွားမယ်"
အဲဒီ ပုဒ်မ ၃၄၁ နဲ့ တရားစွဲခံရတဲ့သူတွေထဲမှာ ကုမ္ပဏီကို အမှန်တကယ် တားဆီးကန့်ကွက်ခဲ့ကြတာ မဟုတ်တဲ့ သူတွေလည်း ပါဝင်နေတယ်လို့ တရားစွဲခံရသူတွေက ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့လိုက်တာပါ။