အံဒင် လျှပ်စစ်စက်ရုံ စီမံကိန်းတာဝန်ရှိသူများ ရှင်းလင်း


2015.01.13
coal-305 ကျောက်မီးသွေးတုံးများကို တွေ့ရစဉ်
Photo: RFA

မွန်ပြည်နယ်၊ ရေးမြို့နယ်က အံဒင်ကျေးရွာမှာ ကျောက် မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်စီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ယူ တည်ဆောက်မယ့် တိုယို- ထိုင်းကုမ္ပဏီက တာဝန်ရှိ သူတွေက မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒီနေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ စီမံကိန်းကို ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော်မယ်ဆိုတာကို ကုမ္ပဏီဘက်က ရှင်းလင်းတင်ပြခဲ့တာမရှိဘူး လို့ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

"သူတို့ရှင်းလင်းတင်ပြတဲ့နေရာမှာ အံဒင်ကျေးရွာမှာ တည်ဆောက်မည့်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြခြင်း မဟုတ်ဘဲနဲ့ ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ လုပ်နေတဲ့ဟာတွေ သူတို့လုပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာပဲ ရှင်းလင်းတင်ပြတာ၊ အဲတော့ ရှင်းလင်းတင်ပြချက်ကို ကျနော်တို့ သုံးသပ်တယ်၊ အဲဒီ့မှာလည်း ကျနော်တို့ပြောတယ်၊ စီမံကိန်းကို ခင်ဗျားတို့ ဘယ်နေရာမှာ လုပ်မှာလဲဆိုတဲ့ ရှင်းလင်းတင်ပြချက် ဘာလို့မရှင်းတာလဲလို့ ကျနော်မေးတော့ လွှတ်တော်ဥက္ကဌကြီးကပြောတယ်၊ ဒါကတော့ ကိုအောင်နိုင်ဦးရယ် ကျနော်ပဲ တားထားတာပေါ့နော်၊ အဲ့ဒါကြောင့်မို့ မွန်ပြည်နယ်မှာ ဘယ်နေရာလုပ်မယ်၊ ဘယ်လိုလုပ်မယ်၊ ဘယ်အချိန်လုပ်မယ်ဆိုတဲ့ကိစ္စဟာ သူတို့က မရှင်းလင်းတင်ပြသွားဘူးတဲ့"

တိုယို-ထိုင်း ကုမ္ပဏီတာဝန်ရှိသူတွေအနေနဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေ လက်ခံတဲ့အထိ ရှင်းလင်းတင်ပြတာတွေ မပြုလုပ်ခဲ့ရင် ပြည်နယ်လွှတ်တော်မှာ အံဒင်ကျောက်မီးသွေးစီမံကိန်းကို ကန့်ကွက်ကြောင်း အရေးကြီးအဆို တင်ပြသွားမယ်လို့လည်း ဦးအောင်နိုင်ဦးက ဆိုပါတယ်။

အံဒင်ကျေးရွာမှာ ဆောက်လုပ်မယ့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့်ကွက်ကြောင်း ရေးမြို့ခံတွေက မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်ထံကို မနေ့က လက်မှတ်ရေးထိုး ပေးပို့ထားပါတယ်။

တိုယို-ထိုင်း ကုမ္ပဏီက မြေဧက ၅ဝဝ မှာ အံဒင်ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တာဝန်ယူဆောက်လုပ်မှာဖြစ်ပြီး အဲဒီစက်ရုံကနေ တစ်နှစ်ကို ၁၂၈ဝ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။