အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး
ကမာရွတ်မြို့နယ်၊ ရွှေလီလမ်း မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ (၃)ရက်ကြာ ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ချင်းအမျိုးသား တပ်ဦး(CNF)နဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ဟာ ဒီကနေ့မှာတော့ နောက်ဆုံးနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
-
2012-12-09 -
-
-
ဒီဆွေးနွေးပွဲမှာ သဘောတူညီချက်၂၇ ချက်ကို နှစ်ဘက်ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ပြည်ထောင်စုတစ်ဝှမ်းလုံးအတိုင်းအတာနဲ့ ဆွေးနွေးမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ဒီသဘောတူညီချက်တွေဟာ အထောက်အကူဖြစ်စေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပူးလ်ဇင်ကျုံးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
အဲ့ဒီသဘောတူညီချက်တွေကတော့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရေး၊ ဇန်နဝါရီလ (၃) ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ်သတ်မှတ်ရေး၊ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်တဲ့ စီမံကိန်းတွေ ပွင့်လင်းမြင်သာမှုရှိရေး၊ ချင်းပြည်နယ်တွင်း လက်နက်မပါဘဲ သွားလာရေး၊ ချင်းအမျိုးသား သီးသန့်အသံလွှင့် မီဒီယာထူထောင်နိုင်ရေး စတဲ့အချက်တွေ ပါရှိပါတယ်။
ဒီတွေ့ဆုံ ဆွေးနွေးပွဲကို ချင်းအမျိုးသားတပ်ဦးက ကိုယ်စားလှယ် (၁၇) ဦးနဲ့ အစိုးရဘက်က ကိုယ်စားလှယ် (၁၀) ဦးတို့တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးပါတီ တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တို့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မဇင်မာဝင်းက အခုလို သတင်းပေးပို့ထားတာကို နားဆင်ပါ။
အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |