တီးတိန်မြို့ခံပြည်သူ ချင်းအမျိုးသားတပ်ဦး ရုံးခန်းဖွင့်လှစ်မှု ကန့်ကွက်ဆန္ဒပြ

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့ခံပြည်သူ လူဦးရေ ၈၀၀ ခန့်က ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်မှာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မနက် (၁၁) နာရီက တစ်နာရီကြာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်ပွဲ ပြုလုပ်စဉ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်ပွဲ ပြုလုပ်စဉ်။ (RFA)

တီးတိန်မြို့ စကောလားနှစ်ခြင်း အသင်းတော်ရှေ့ကနေ တီးတိန်နာရီစင်အထိ ချီတက်လမ်းလျှောက်ပြီး CNF အလိုမရှိ၊ သမ္မတ ဦးသိန်းစိန် အစိုးရသာ အလိုရှိသည်။ ပြည်သူဗဟိုပြု ဥပဒေသာ အလိုရှိသည်။ စတဲ့ပိုစတာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြကြတယ်လို့ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တီးတိန်လူငယ် မိတ်သဟာရအဖွဲ့မှ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနုန်းရှင်းတွောင်က RFA ကို ပြောပါတယ်။

“သူတို့က ချင်းအမျိုးသား တပ်ဦးပေါ့။ ချင်းအမျိုးသား တပ်ဖွဲ့ ဆိုပေမယ့် ချင်းလူမျိုးကို ခြုံငုံပြီးတော့ ဖွဲ့စည်းတာ မဟုတ်ဘူး။ ပြီးတော့ ချင်းကိုယ်စားဆိုပေမယ့် အကုန်လုံး ခြုံငုံပြီးတော့ လုပ်ထားတာလည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ တီးတိန်နယ်က နေဆိုရင် လူဦးရေ (၁၆) ယောက်လောက်က သူတို့ သတ်ပစ်တာပေါ့။ ဖြေရဲတာလည်း မရှိသေးဘူး။ ဒီအတိုင်းပဲ သူတို့က မြေပုံပဲကြည့်ပြီးတော့ သူတို့ဖွင့်ချင်သလို ဖွင့်တဲ့အခါကြတော့ ကျွန်တော်တို့လည်း မကျေနပ်ဘူးလေ။ တကယ်လို့များ သူတို့က ဒီလိုဖွင့်ချင်လို့ရှိရင် လူထုနဲ့တွေ့ဆုံပြီးမှ ဖွင့်ရမှာ”

ဒီကနေ့ ဆန္ဒပြကြတာနဲ့ ပတ်သက်လို့ CNF တွဲဖက်အတွင်းရေးမှူးချုပ်(၂) ဆလိုင်းရွှေခါးက RFA ကို အခုလိုပြောပါတယ်။

“ဒီစစ်တိုက်တာတွေ ဘာတွေ ကြားထဲမှာကတော့ မတော်တဆ ထိခိုက်မှုတော့ ရှိပါလိမ့်မယ်နော်။ ဆိုတော့ အဲဒီမှာ ဘယ်သူ့လက်ချက်လဲ ဆိုတဲ့ဟာကိုလည်း ကောင်းကောင်းသိဖို့တော့ လိုအပ်တာပေါ့နော်။ ပြီးတော့ ဒါကတော့ တမင်ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်ဘဲနဲ့ မတော်တဆဖြစ်တာတွေ တော်တော်များမှာ ဖြစ်ပါတယ်”

သူတို့ဒေသခံတွေ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကတည်းက ရုံးဖွင့်မှာကို လက်မခံကြောင်း သမ္မတဆီ စာတင်ခဲ့ပေမယ့် အခုထိ ထူးခြားမှု ရှိမလာခဲ့ဘူးလို့လည်း နုန်းရှင်းတွောင်က ပြောပါတယ်။

သူတို့တွေအနေနဲ့ တောတွင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဒါကြောင့် CNF အနေနဲ့ အခုလို ရုံးဖွင့်မယ်ဆိုရင် ပြည်သူလူထုနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုပါတယ်။