ချင်းအမျိုးသားတပ်ဦး နဲ့ အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
2012.12.07

Photo: RFA/Nay Myo Tun
မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ အောင်မြင်မှုတွေရှိလာသလို ရှေ့ဆက်ပြီး တိုးတက်နေတယ်လို့ ယုံကြည်ကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောခဲ့ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပြီး မနက်ဖြန်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ချင်းအမျိုးသားတပ်ဦးအကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရဖက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ CNF အဖွဲ့ဘက်ကတော့ အထွေထွေအတွင်းရေးမှူး ပူလ်းဇင်ကျုံး၊ ဒေါက်တာရွှေခါး၊ ဦးလျန်ဆာခေါင်၊ ဗိုလ်မှူးဆော်လမွန် နဲ့ CNF ဗဟိုကော်မတီဝင် သောမတ်ထန်နိုးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတုန်းက ထိုင်း မြန်မာနယ်စပ်မှာ ဝန်ကြီးဦးအောင်မင်းနဲ့ CNF ခေါင်းဆောင် ပူလ်းဇင်ကျုံး တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း အခုလို ဆက်တိုက် ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွေ စတင်အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်တယ်လို့ CNF အထွေထွေ အတွင်းရေးမှူး ပူလ်းဇင်ကျုံးက RFA ကို ပြောပါတယ်။