တိုက်ပွဲကြောင့် လမ်းပိတ်တဲ့ရွာတွေမှာ စားနပ်ရိက္ခာပြတ်တောက်
2019.08.26
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာ ရှစ်ရက်လောက်အထိ လမ်းပန်းဆက်သွယ်ရေး တွေပြတ်တောက်နေတာကြောင့် ကျေးရွာသားတွေ စားနပ်ရိက္ခာပြတ်လပ်နေပါတယ်။
သြဂုတ်လ ၂၆ ရက် ဒီနေ့မှာလည်း သိန္နီ-ကွတ်ခိုင်-နမ့်ဖတ်ကာ လမ်းပိုင်းကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး ပရဟိတအဖွဲတွေကတော့ ရွာတွေမှာ လိုအပ်နေတဲ့ ရိက္ခာကို မနေ့က သွားရောက်ပို့ဆောင်ခဲ့ကြပါတယ်။
အခုလ ၁၇ ရက်နေ့ကစပြီး ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာကြားမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရတာဖြစ်ပါတယ်။
RFA က သြဂုတ်လ ၂၅ ရက်မှာ နမ့်ခိုင်တံတားအထက် မန်လွယ်ရွာအထိ ရောက်ရှိချိန်မှာ လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ခွံတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်တွေကို တွေ့ရပါတယ်။
ကျေးရွာအတွင်း နေထိုင်သူတွေဟာ တောင်ယာနဲ့နေ့စားအလုပ်ကို လုပ်ကိုင်သူတွေဖြစ်ပြီး လက်ရှိမှာဆန်နဲ့ သောက်သုံးရေ ပြတ်တောက်နေတယ် ပြောကြပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့ကတော့ ကျေးရွာအတွင်း အသက် ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ဦး တောင်ယာမှာ မြင်းခွာရွက်ရှာရင်း မိုင်းထိလို့ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
မန်လွယ်၊ ပန်နင်၊ မန်ပြိန်း၊ ကောင်းခါးဆိုတဲ့ ရွာ လေးရွာမှာ လူဦးရေ တစ်ထောင်ကျော် ရှိပြီး လက်ရှိမှာ ဆန် အလိုအပ်ဆုံးဖြစ်နေတယ်လို့ ပြောကြပါတယ်။
အဲဒီကျေးရွာတွေဟာ ရှမ်း၊ တရုတ်၊ တအာင်းပလောင်၊ ကချင်၊ ဗမာစတဲ့ လူမျိုးပေါင်းစုံ နေထိုင်ကြတာပါ။
တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ မန်လွယ်ကျေးရွာအနီးက ရွာသားအချို့ဟာ ကွတ်ခိုင်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူတွေ တိုးလာနေပြီး လက်ရှိအချိန်အထိ ကွတ်ခိုင်မြို့မှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် ရှိနေပါတယ်။
လက်ရှိမှာ ထွက်ပြေးလာသူတွေကို ပရဟိတအဖွဲ့တွေ၊ ကြက်ခြေနီအသင်း တာဝန်ရှိသူတွေ၊ စေတနာရှင်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေက အကူအညီပေးနေပါတယ်။
(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)