နိုင်ငံတကာ လူထုအခြေပြုအဖွဲ့များဖြင့် အမေရိကန် ဝန်ကြီး တွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံခြားရေဝန်ကြီး ဟီလာရီ ကလင်တန် ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီ မြို့တော်မှာ ပထမဆုံးအကြိမ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

2011.02.18
hilary_clinton_civil_society_305_z.jpg အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဝါရှင်တန် ဒီစီ မြို့တော် နိုင်ငံခြားရေးဌာနတွင် မြန်မာအပါအဝင် နိုင်ငံ ၂၀ ကျော်မှ လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of US State Department)
(Photo: Courtesy of US State Department)

ဒီဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ နှစ်နှစ်ကြာ အချိန်ယူ ကြိုးစားခဲ့ရတယ်လို့ မစ္စက် ကလင်တန်က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားဖို့ အမေရိကန်အစိုးရအနေနဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေတယ် ဆိုတာကို ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲတွေကတဆင့် ပြသနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေဝန်ကြီး ဟီလာရီ ကလင်တန် က ပြောပါတယ်။

နိုင်ငံတကာမှာ ရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆက်လက် ဆောင်ရွက် သွားမှာပါ။ ဒါပေမဲ့ ကျမတို့အနေနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကိုလည်း သုံးသပ်ဖို့လိုပါတယ်။ ဒီအတွက်လည်း တကမ္ဘာလုံးနဲ့ ဆက်သွယ်လှုပ်ရှားဖို့ အဆင်မြင့် သံတမန်တွေ အများကြီး ခန့်အပ်ထား ပါတယ်လို့ ဟီလာရီ ကလင်တန်က ပြောသွားပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လူထုအခြေပြု အဖွဲ့အစည်းတွေကို အမေရိကန်အစိုးရက အထောက်အပံ့ ပေးမယ် ဆိုတဲ့ ကတိကဝတ် ပြုခဲ့တယ်လို့ မြန်မာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ US Campaign for Burma အဖွဲ့ရဲ့အမှုဆောင် ညွန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“အဲဒီမှာ သူက နိုင်ငံတွေကို နှစ်မျိုးခွဲတယ်ပေါ့ဗျာ၊ လူထုအခြေပြု အဖွဲ့အစည်း ဆိုတဲ့နေရာမှာ။ တခုကတော့ emerging democracy လို့ခေါ်တဲ့ ဒီမိုကရေစီစနစ်ကို ကူးပြောင်း ရောက်ရှိခါစ နိုင်ငံတွေပေါ့။ အဲဒီ နိုင်ငံတွေမှာ ဆိုလို့ရှိရင်တော့ အမေရိကန် အစိုးရအနေနဲ့ သက်ဆိုင်ရာ အစိုးရများနဲ့ရော၊ ဒီ လူထုအခြေပြု အဖွဲ့အစည်းများနဲ့ပါ တိုက်ရိုက် ဆက်သွယ်ပြီးတော့ လူထုအခြေပြု အဖွဲ့အစည်းများ ရှင်သန်ရေးနဲ့ အားကောင်းရေးအတွက် သူတို့ ထောက်ပံ့ ကူညီမယ်ပေါ့။”

“တဖက်မှာကျတော့ ဒီ ကျွန်တော်တို့ မြန်မာနိုင်ငံလိုပေါ့၊ ဖိနှိပ်မှုအောက်မှာ ရုန်းကန်နေရတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အဲဒီ နိုင်ငံတွေနဲ့ကျတော့ အစိုးရကို အားကိုးလို့ မရသလို အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လို့လည်း မဖြစ်နိုင်တဲ့ အခါကျတော့ အမေရိကန် အစိုးရအနေနဲ့ကတော့ ရုန်းကန် လှုပ်ရှားနေတဲ့ ဒီ လူထုအခြေပြု အဖွဲ့အစည်းများကို တိုက်ရိုက် ဆက်သွယ်ပြီးတော့ သူတို့ တတ်နိုင်သလောက် ပံ့ပိုး ကူညီမယ်ပေါ့နော်။ အဲဒီဟာကို သူတို့ အမေရိကန် အစိုးရအနေနဲ့ ကတိကဝတ် ပြုတယ်ပေါ့။”

အမေရိကန်နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံက လူထုလှုပ်ရှားမှု ခေါင်းဆောင် တွေ အပြင် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ လက်တင် အမေရိကနဲ့ အာရှက လူထုအခြေပြု အဖွဲ့အစည်းတွေ တက်ရောက် ခဲ့ကြပါတယ်။

ဒီမိုကရေစီ ထွန်းကားရေးအတွက် အမေရိကန် အစိုးရအနေနဲ့ လူထုအခြေပြုအဖွဲ့တွေကို ထောက်ပံ့ပေးရုံနဲ့ မလုံလောက်ပဲ အာဏာရှင် အစိုးရတွေကိုပါ ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ လိုတဲ့အကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်အစိုးရနဲ့ လူထုအခြေပြုအဖွဲ့တွေနဲ့ တွေ့ဆုံပွဲအကြောင်း RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

လူထုအခြေပြုအဖွဲ့အျား တွေ့ဆုံပွဲ
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။