ဟီလာရီ ကလင်တန်နဲ့ ဦးသိန်းစိန် တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

2011.12.01
clinton-theinsein-first-meeting-305 မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန)
US State Department

တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းတို့ အပါအဝင် အစိုးရ ဝန်ကြီးတွေ တက်ရောက်ခဲ့ကြ ပါတယ်။ အဲဒီနောက် သမ္မတ ဦးသိန်းစိန်က ဟီလာရီ ကလင်တန်ကို သမ္မတ အိမ်တော်မှာ နေ့လယ်စာ တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရပါတယ်။

မွန်းလွဲ တစ်နာရီမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲ အပြီး သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ ဆိုတာတွေ မလွဲမသွေ ဖြစ်လာရပါစေမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို အာမခံလိုက်ကြောင်း သိရပါတယ်။ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံ ပူပေါင်း ဆောင်ရွက်ရေးကသာ ပိုအရေးကြီးကြောင်း သူရ ဦးရွှေမန်းက ပြောဆိုပါတယ်။

အစိုးရအဖွဲ့နဲ့ တွေ့ဆုံ အပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများနဲ့ အတူ လွှတ်တော် အမတ် စုစုပေါင်း ၄၀ ကျော်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မစ္စစ် ကလင်တန်ရဲ့ခရီးစဉ်ကို နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖေါ်ဆောင်မယ့် ခရီးစဉ် အဖြစ် လွှတ်တော် ဥက္ကဋ္ဌတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြ ပါတယ်။

ဒီပွဲမှာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးတွေဟာ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိဘူးလို့ ဟီလာရီ ကလင်တန်ကို ကတိပေး ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ အမျိူးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ အမျိုးသား  လွှတ်တော် အမတ် ဒေါက်တာ မြတ်ဉာဏစိုးက အာရ်အက်ဖ်အေကို ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံရာမှာ ဟီလာရီ ကလင်တန်က အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံက လွှတ်တော် နိုင်ငံရေး လမ်းကြောင်းကို လက်ခံကြောင်း၊ အပြောင်းအလဲတွေကို အသိအမှတ် ပြုကြောင်း၊ အကူအညီတွေ တစ်ဆင့်တစ်ဆင့် တိုးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီသစ် ပါတီရဲ့ ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းညွန့်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အခန်းကဏ္ဍ မရှိသင့်တော့ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ အလေးအနက် ပြောဆို တိုက်တွန်းသွားခဲ့ပါတယ်။

ဟီလာရီ ကလင်တန်ဟာ သူတည်းခိုရာ သင်္ဂဟ ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ အပြောင်းအလဲတွေ အတွက် အားတက်မိကြောင်း၊ အပြောင်းအလဲတွေ ဆက်လက် ဖြစ်ပေါ်နေတာနဲ့ အမျှ စီးပွားရေး ပိတ်ဆို့မှု လျှော့ချတဲ့ကိစ္စ အပါအဝင် တခြားအကူအညီတွေ ရရှိမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မနေ့က မြန်မာနိုင်ငံ နေပြည်တော်ကို ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို နေပြည်တော်လေဆိပ်မှာ မြန်မာအစိုးရက ရာထူး အဆင့်တူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် လာရောက် ကြိုဆိုခြင်း မရှိဘဲ ရာထူးတစ်ဆင့် နိမ့်တဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မျိုးမြင့်ကသာ လာရောက်ကြိုဆိုတာ တွေ့ရပါတယ်။ အဲဒီလို ကြိုဆိုတဲ့ ဓာတ်ပုံနဲ့ သတင်း အနည်းငယ်ကို မြန်မာ အစိုးရ မြန်မာ့အလင်း သတင်းစာမှာ ရှေ့ဘက် ကျောဘက်တွေမှာ မဖော်ပြဘဲ အတွင်း စာမျက်နှာမှာပဲ ဖော်ပြထားပါတယ်။

နိုင်ငံတကာ ထုံးစံအရ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အစိုးရ ခေါင်းဆောင်တွေ သွားရောက်ရင် အိမ်ရှင် နိုင်ငံက ရာထူးအဆင့် တူသူကသာ လာရောက် ကြိုဆိုကြမြဲပါ။

ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လွှတ်တော်အမတ်တွေကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။