ဧရာဝတီမြစ် သန့်စင်ရေး စုပေါင်းအမှိုက်ကောက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် "(အခမဲ့) လူမှုကူညီရေးအသင်း" က ဦးဆောင်ပြီး လူမှုအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ စုစုပေါင်း အင်အား ၃၀၀ ကျော်လောက်ဟာ ဒီနေ့မနက်ပိုင်း က ဧရာဝတီ မြစ်ကမ်းဘေးတစ်လျှောက် သန့်စင်ရေး အတွက် အမှိုက်ကောက်သန့်ရှင်းရေးလုပ်ငန်းကို စုပေါင်း လုပ်ဆောင်ခဲ့ကြပါတယ်။
-
2014-01-05 -
-
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် "(အခမဲ့) လူမှုကူညီရေးအသင်း" က ဦးဆောင်ပြီး လူမှုအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမစုစုပေါင်း အင်အား ၃၀၀ ကျော်လောက်ဟာ ဒီနေ့မနက်ပိုင်းက ဧရာဝတီ မြစ်ကမ်းဘေးတစ်လျှောက် သန့်စင်ရေးအတွက် အမှိုက်ကောက်သန့်ရှင်းရေးလုပ်ငန်းကို စုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
ဧရာဝတီမြစ် သန့်စင်ရေးအတွက်ရည်ရွယ်ပြီး အခုလို စုပေါင်းအမှိုက်ကောက်ကြတာလို့ အခမဲ့ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးအောင်ထွန်းလင်းက RFA ကို ပြောပါတယ်။
"မြစ်ကြောင်းကို သန့်ရှင်းချင်တာရယ်၊ ကြည်လင်စေချင်တာရယ်ပါ၊ ကျနော်တို့ ၁ဝ ကြိမ် ကောက်လိုက်တဲ့အခါမှာဆိုရင် နဂိုက ၅ ခါပစ်တဲ့လူက ၃ ခါလောက်ပဲ ပစ်တော့မယ်၊ ၃ ခါပစ်တဲ့လူက ၁ ခါပစ်မယ်၊ ၁ ခါပစ်တဲ့လူက လုံးဝမပစ်တော့ဘူးလို့ ကျနော့်စိတ်ထဲမှာ ယူဆတယ်၊ ဧရာဝတီမြစ်ကြောင်းက အရင်က တော်တော်ကြည်လင်ပြီး စိမ်းနေတာပေ့ါနော်၊ အခုတော့ ရေကနောက်ကျိနေပြီ၊ အလယ်မှာ သောင်ထွန်းတာတွေ တအားများလာပြီ၊ အခုတော့ သောက်လို့လည်း မရနိုင်တော့ဘူး၊ သုံးလို့တောင်မှ သိပ်အဆင်မပြေဘူး"
ဒီနေ့ မနက်ပိုင်း ၇ နာရီကနေ ၈ နာရီအထိ မြစ်ကြီးနားမြို့ဈေးကြီးအနီး စည်ပင်ဆိပ်ကနေ River View စားသောက်ဆိုင်အထိ အကွာအဝေးနှစ်ဖာလုံနီးပါးလောက်မှာ မြစ်ကမ်းတလျှောက်က အမှိုက်တွေကို လိုက်လံသိမ်းဆည်းခဲ့ကြတာပါ။