ရှမ်းပြည်နယ်တောင်ပိုင်းက နှစ်လကျော်တိုက်ပွဲအတွင်း အရပ်သား ၅၅ ဦး သေဆုံး
2024.04.03

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တွေအတွင်း ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိ တိုက်ပွဲတွေအတွင်း အရပ်သား ၅၅ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူ ၅၅ ဦးအပြင် ဒဏ်ရာရသူ ၆၈ ဦးရှိခဲ့ပြီး တိုက်ပွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၅၇၁ ခု ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးရမှုရဲ့ ထက်ဝက်ခန့်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အရပ်သားအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရဲ့ ၈၀ ရာခိုင်နှုန်းကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၆ လကနေ ၁၀ နှစ် အတွင်းကလေးငယ် ငါးဦးပါဝင်ပြီး ကလေးငယ် အများစု သေဆုံးမှုဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က ရုတ်တရက်ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးရတာဖြစ်ကြောင်း PYO က ပြောပါတယ်။
ဒီထုတ် ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဘက် ကတော့ မတ်လ ၂၅ ရက်နေ့ကစပြီး ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေတယ်လို့ ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ပြောခွင့်ရသူကတော့ ဆီဆိုင်မြို့အနီးတစ်ဝိုက် တိုက်ပွဲတွေ ဆက်ရှိနေတုန်းပဲလို့ RFA ကို ပြောပါတယ်။
နှစ်လကျော်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်လေးရာကျော်၊ လက်နက်ကြီးနဲ့ အကြိမ်နှစ်ထောင်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PYO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံ ၂၂ ခု၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း လေးခုနဲ့ ဈေးတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။