တနင်္သာရီတိုင်းမှာ ၂၀၂၂ ခုနှစ်အတွင်း အရပ်သား၂၅၀ နီးပါး သတ်ဖြတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာမှ သေနတ်ဒဏ်ရာရရှိခဲ့သူအား ၂ဝ၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က ထားဝယ်ဆေးရုံသို့ ပို့ဆောင်စဉ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာမှ သေနတ်ဒဏ်ရာရရှိခဲ့သူအား ၂ဝ၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က ထားဝယ်ဆေးရုံသို့ ပို့ဆောင်စဉ်။ (ထားဝယ်မြို့နယ်ကြက်ခြေနီအသင်း)

စစ်အာဏာသိမ်းမှုနောက် အပြန်အလှန်သတ်ဖြတ်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ ၂၀၂၂ ခုနှစ်နှစ်အတွင်း အရပ်သား၂၄၈ ဦးသေဆုံးခဲ့တယ်လို့ Southern Monitor ရဲ့ ဇန်နဝါရီလ ၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တနင်္သာရီတိုင်းမှာ အရပ်သား ၈၇ ဦး သတ်ဖြတ်ခံခဲ့ရပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ သတ်ဖြတ်ခံရသူဦးရေဟာ သုံးဆမြင့်တက် ခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ သာမန်အရပ်သားတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ မိသားစုဆွေမျိုးတွေ ပါဝင်နေတယ်လို့ Southern Monitor က ဖော်ပြပါတယ်။

ဒီအပြင် PDF တွေက သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ပျုစောထီးဆိုသူတွေရဲ့ မိသားစု ဆွေမျိုးတွေ၊ မှားယွင်းသတ်ဖြတ်ခံထားရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအပြင် တနင်္သာရီတိုင်းအတွင်း ပဋိပက္ခတွေကြောင့် ၂၀၂၁ ခုနှစ်က အရပ်သား ၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၇၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်နှစ်အတွင်း အရပ်သားထိခိုက်သေဆုံးမှု အများစုဟာ ထားဝယ်မြို့နယ်၊ လောင်းလုံး မြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေဖြစ်တယ်လို့ Southern Monitor အဖွဲ့က ဖော်ပြပါတယ်။