ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ မြို့နယ်ထွေအုပ်ရုံးတွေကနေ တိုက်ရိုက်ခေါ်ယူနေ

RFA Burmese
2024.05.12
ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ မြို့နယ်ထွေအုပ်ရုံးတွေကနေ တိုက်ရိုက်ခေါ်ယူနေ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့အား ၂၀၂၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဧရာဝတီတိုင်းထဲက ညောင်တုန်း၊ ပုသိမ်၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ အပတ်စဉ် (၂) အတွက် စစ်မှုထမ်းဖို့ခေါ်ယူတာကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေကနေ တိုက်ရိုက်ခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပထမအကြိမ် စစ်မှုထမ်းဖို့ခေါ်ယူချိန်က မြို့နယ်တွေမှာ အလှည့်ကျမဲနှိုက်ရွေးချယ်ခဲ့ပေမဲ့ အခု မဲနှိုက်တာမျိုး မရှိတော့ဘဲ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေက တိုက်ရိုက်ခေါ်နေတာလို့ အမည်မဖော်လိုတဲ့ ညောင်တုန်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုက မဲမနှိုက်တော့ဘဲ သူတို့ ကြိုက်သလိုခေါ်တာ။ မြို့နယ်ထွေအုပ်ကနေ ဆင့်ခေါ်စာပို့ပြီး တိုက်ရိုက်ခေါ်နေတာ။ အဲဒီလိုခေါ်ပြီဆို စစ်သားတွေနဲ့ ရပ်ကွက်လူကြီးတွေက နေအိမ်တွေကိုဝင်စီးပြီး ခေါ်ခံရတဲ့လူကို လာရှာတာပဲ"

စစ်မှုထမ်းဖို့ဆင့်ခေါ်စာရောက်ပြီး ထွက်ပြေးတိမ်းရှောင်မှုရှိရင်လည်း နေအိမ်မှာကျန်နေခဲ့တဲ့ မိသားစုဝင်တွေ အနေနဲ့ ထွက်ပြေးသူကို တစ်ပတ်အတွင်းပြန်ခေါ်ပေးဖို့ ခံဝန်ကတိထိုးခိုင်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေထဲမှာ လက်လုပ်လက်စားနဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ အိမ်ထောင်သည် အမျိုးသားတွေအပြင် တစ်ဦးတည်းသောသားတွေပါ ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နဲ့ ဧရာဝတီတိုင်းရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့မှာ စစ်မှုထမ်းမဲ့သူတွေကို စတင်ဆင့်ခေါ်ခဲ့ပါတယ်။

စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားကို အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နဲ့ အမျိုးသမီး ၁၈ နှစ်ကနေ ၂၇ အထိ သတ်မှတ်ထားပြီး အတတ်ပညာတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူဆိုရင် အမျိုးသားက ၄၅ နှစ်အထိနဲ့ အမျိုးသမီးက ၃၅ ထိ အကျုံးဝင်ပါတယ်။

စစ်မှုထမ်းကာလကို နှစ်နှစ်သတ်မှတ်ထားပြီး ကျွမ်းကျင်ပညာရှင်ကို သုံးနှစ်နဲ့ နိုင်ငံတော်ရဲ့ အရေးပေါ်ကာလမှာ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး စစ်မှုထမ်းဖို့ငြင်းဆန်ရင် ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ် ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။