မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်သူ ပျောက်ဆုံးနေ
"ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်ဟာ ဟိန္ဒူရိုးရာဝတ်စုံနဲ့ ရိုးရာယဥ်ကျေးမှုကို လှောင်ပြောင်ထားတယ်လို့ ဆိုရှယ်မီဒီယာကနေ ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။
-
RFA Burmese
2024-10-27 -
-
-
"ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်ဟာ ဟိန္ဒူရိုးရာဝတ်စုံနဲ့ ရိုးရာယဥ်ကျေးမှုကို လှောင်ပြောင်ထားတယ်လို့ ဆိုရှယ်မီဒီယာကနေ ဝေဖန်ခဲ့တဲ့ ကိုဟာဆယ်ရွန် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေကစပြီး မိသားစုနဲ့အဆက်အသွယ်ပျက်ပြီး ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့က မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းမှာ အသံအလှူအတွက် စာအုပ်ဖတ်ဖို့ အပြင်ထွက်သွားပြီးနောက်ပိုင်း အဆက်အသွယ်မရတော့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
ကိုဟာဆယ်ရွန်ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက မရမ်းကုန်းမြို့နယ်ရဲစခန်းကို ဆက်သွယ်အကြောင်းကြားထားပေမယ့် အကျိုးအကြောင်းမသိရသေးဘူးလို့ ဆိုပါတယ်။
"ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်ပိုစတာနဲ့ ရုပ်ရှင်ခေါင်းစဉ်ဟာ ရိုးရာ၊ ယဉ်ကျေးမှု၊ လူမျိုးရေးကို ပျက်ရယ်ပြုစရာမဟုတ်ဘဲ လူမျိုးစုတစ်ခုလုံးကို နှိမ့်ချတာဖြစ်တယ်ဆိုပြီး အောက်တိုဘာလ ၂၄ ရက်နေ့က ကိုဟာဆယ်ရွန်ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာကတဆင့် ဝေဖန်ခဲ့ရာကနေ အွန်လိုင်းအသုံးပြုသူတွေအကြား အတော်လေး ပျံ့နှံ့ခဲ့ပါတယ်။
မကြာခင်ကျရောက်တော့မယ့် ဒီပဝလီ (Dipavali) ပွဲတော်အချိန်အခါနဲ့ ကိုက်ညီပြီး ရုပ်ရှင်ထွက်လာတဲ့အတွက် ဘာသာရေး၊ လူမျိုးရေး သတိထားဖို့ ဝေဖန်သံတွေလည်း ရှိခဲ့တာပါ။
"ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ကတော့ လူမျိုးကို စော်ကားလိုစိတ်မရှိကြောင်းနဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေကို ပြသပြီး အတည်ပြုချက်ရမှ ရုပ်ရှင်ဆင်ဆာတင်ခဲ့တာလို့ သတင်းမီဒီယာတချို့မှာ ပြောဆိုထားပါတယ်။
အွန်လိုင်းသုံးသူအများစုက ရိုးရာယဉ်ကျေးမှုကို ထိခိုက်အောင် လုပ်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုနေချိန်မှာ ကိုဟာဆယ်ရွန် ပျောက်ဆုံးနေတဲ့အတွက် ရုပ်ရှင်ကိုဝေဖန်တဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးခံရတာလို့လည်း သုံးသပ်သူတွေရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ကိုဟာဆယ်ရွန်ဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်လမ်းတိုတွေကို မိတ်ဆွေတွေနဲ့ အပျော်တမ်းရိုက်ကူးနေသူဖြစ်ပြီး လူမှုရေးပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။