ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် စစ်တွေရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ကို ၂၀၁၉ ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်တွေလေဆိပ်မှာတွေ့ရစဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ကို ၂၀၁၉ ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်တွေလေဆိပ်မှာတွေ့ရစဉ် (Photo: Min Thein Aung/RFA)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်က ဆောင်ရွက်ထားတဲ့အခြေအနေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာက ဒီနေ့ ပြည်နယ်လွှတ်တော် အကြီးအကဲတွေကို တေ့ွဆုံပြီး မေးမြန်းခဲ့ပါတယ်။

စစ်တွေကို ဒီနေ့လယ်မှာ ရောက်ရှိလာတဲ့ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာဟာ ရခိုင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ဒုတိယဥက္ကဌနဲ့တွေ့ဆုံပြီး ရခိုင်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အခြေအနေ၊ တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ဒုက္ခသည်တွေ အခြေအနေနဲ့ ပြည်နယ်လွှတ်တော်ဘက်က ဘာတွေဆောင်ရွက်ဖို့ ပြင်ဆင်ထားတာရှိလဲဆိုတာ မေးမြန်းတယ်လို့ တွေ့ဆုံခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဦးမြသန်း က RFA ကို ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး ပြန်လည်ခေါ်ယူသွားမှာဖြစ်ပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေကို ပြည်နယ်အစိုးရက လက်ရှိထောက်ပံ့နေတဲ့ အနေအထားထက် ပိုပြီးထောက်ပံ့ပေးဖို့၊ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းနိုင်ဖို့ကိစ္စတွေ လွှတ်တော်မှာဆွေးနွေးပြီး အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားမယ့်အကြောင်းတွေ ပြန်လည်ဖြေကြားခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဦးမြသန်း က ပြောပါတယ်။

မစ္စ ခရစ်စတင်းဘာဂနာ ဟာ ရခိုင်ပြည်နယ်လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၈ အောက်တိုဘာ ခရီးစဉ်တုန်းကလည်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီညနေပိုင်းမှာတော့ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေနဲ့ တေ့ွဆုံခဲ့တယ်လို့လည်း သိရပါတယ်။ ခရစ်စတင်းဘာဂနာဟာ ဒီနေ့ စစ်တွေမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မနက်ပိုင်းမှာ ပေါက်တောမြို့နယ် ကြိမ်နီပြင်ဒုက္ခသည်စခန်းက မွတ်စလင်တွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။