ချီဖွေမြို့က မြေရှားသတ္တုလုပ်ကွက်မှာ မြေပြိုမှုကြောင့် တစ်ဦးသေဆုံးခဲ့

ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။
ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ (Photo: RFA)

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မှာ ပြီးခဲ့တဲ့ရက်က မိုးသည်းထန်ပြီး မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခုမှာ မြေပြိုကျခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ် ကိုဒိုင်ခေါင်ဆိုသူ လုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၉ ရက်နေ့ကတည်းက ချီဖွေမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရွာတွေမှာ ရေကြီးရေလျှံ ဖြစ်ခဲ့သလို သတ္တုတူးဖော်ရေး လုပ်ကွက်တွေမှာလည်း မြေပြိုမှုတွေဖြစ်ပြီး အခုလိုသေဆုံးခဲ့တာလို့ ဆိုပါတယ်။

မေလ ၃၁ ရက်နေ့ မနေ့က ရှင်းလင်းရေးလုပ်ချိန်မှာ ရုပ်အလောင်းကို ပြန်တွေ့ခဲ့တာဖြစ်ပြီး မိုးကြီးတဲ့ မေလ ၂၉ ရက်နေ့ကတည်းက သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်တွေက မိုးတွေအရမ်းရွာ၊ တောင်တွေလည်း ပြိုဖြစ်တာ။ မနေ့ကမှ လုပ်ကွက်တစ်ခုမှာ ရှင်းလင်းရေးလုပ်ရင်းနဲ့ အလောင်းကိုတွေ့ကြတာလို့ ပြောတယ်။ သူက အလုပ်သမားတွေနေတဲ့တဲမှာ ရှိနေတဲ့အချိန် ဖြစ်သွားတာ လူရော၊ တဲရော အကုန်မြေထဲမြုပ်သွားတယ်လို့ ပြောတယ်"

မိုးသည်းထန်ပြီး မြေပြိုတာတွေ ဖြစ်နေတာကြောင့် အခုရက်ပိုင်း သတ္တုလုပ်ငန်းတွေ ရပ်ဆိုင်းထားကြတယ်လို့ ဆိုပါတယ်။

ချီဖွေမြို့နယ်မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံ ဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မျောမောပါရွာခံ အသက် ၅၀ အရွယ် ဒေါ်လုနန်ဆိုသူ ရေထဲမျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကူညီပေးနေမှုအပေါ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ရေကြီးရေလျှံပြီး တောင်ကျချောင်းရေ မြင့်တက်ခဲ့တာကြောင့် ချီဖွေမြို့နယ်၊ မျောမောပါရွာက နေအိမ်နှစ်ဆယ်ကျော်နဲ့ ဇန်နောင်ရွာက နေအိမ်ခြောက်လုံး စုစုပေါင်း နေအိမ်သုံးဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။