ချီဖွေမှာ တောင်ကျချောင်းရေကြောင့် လူတစ်ဦးသေဆုံး၊ နေအိမ် နှစ်ဆယ်ကျော် ရေထဲမျောပါပျက်စီး
ချီဖွေမြို့နယ် မျောမောပါရွာမှာ မေ ၂၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ မြင့်တက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ရေထဲမျောပါ သေဆုံးခဲ့သလို အိမ်နှစ်ဆယ်ကျော် ပျက်စီးခဲ့ပါတယ်။
-
RFA Burmese
2024-05-29 -
-
-
ကချင်ပြည်နယ် ချီဖွေမြို့နယ် မျောမောပါရွာမှာ မေလ ၂၉ ရက် ဒီနေ့မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရုတ်တရက် တောင်ကျချောင်းရေ မြင့်တက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ရေထဲမျောပါ သေဆုံးခဲ့သလို နေအိမ်နှစ်ဆယ်ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက်အစော ၃ နာရီခန့်မှာ ရုတ်တရုက် ရေကြီးတာကြောင့် အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေပါ သယ်ယူချိန်မရဘဲ ရေထဲမျောပါ ပျက်စီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေအိမ်တွေ တစ်ရွာလုံးနီးပါး ပါသွားတယ်။ ချောင်းနဲ့နည်းနည်းဝေးတဲ့ လေးအိမ်လောက်ပဲကျန်တာ။ အိမ်ပစ္စည်းတွေလည်း အကုန်မျောသွားပြီ။ ရေကြီးတာက မနက် ၃ နာရီကျော်လောက်က စပြီးကြီးတာ။ အခုလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ လူလည်း တစ်ယောက်ပါသွားတယ်။ ဒီမှာပဲမကဘူး။ ဝါရှားပါတို့၊ ဇန်နောင်တို့ ဘက်မှာလည်း ရေကြီးတယ်”
ရေထဲမျောပါသေဆုံးသူဟာ အသက် ၅၀ အရွယ် ဒေါ်လုနန်ဖြစ်ပြီး မြေမြုပ်သွားတဲ့ သူ့ရဲ့ရုပ်အလောင်းကို ဖော်ယူဖို့ ဒေသခံတွေ ၀ိုင်းဝန်းလုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
မျောမောပါရွာမှာ အိမ်ခြေသုံးဆယ်ခန့်ရှိပြီး ချီဖွေမြို့နဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ချီဖွေမြို့နယ်က မေခမြစ်ဘေးမှာနေတဲ့ ဒေသခံတွေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း မေခမြစ်ရေ မြင့်တက်လာတာကြောင့် ဘေးလွတ်ရာ ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။