ချင်းတွင်းမြစ်ရိုးတလျှောက် ရွှေ တူးဖော်မှုတွေ ရပ်ဆိုင်းပေး ဖို့ ဒေသခံတွေ တောင်းဆို
2016.11.22

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ချင်းတွင်းမြစ်ရိုးတလျှောက်မှာ ကုမ္ပဏီ ၁၀၀ ကျော်ရဲ့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးတာ၊ လူငယ်တွေမူးယစ်ဆေးဝါး သုံးစွဲတာတွေ များလာတာကြောင့် ရွှေတူးဖော်မှုတွေ ရပ်ဆိုင်းပေးဖို့ ဒေသခံတိုင်းရင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟုမ္မလင်းမြိုနယ် မောင်ခမ်းလှ ကျေးရွာ သား ဦးစိုင်းဆမ်းတွိုင်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ဒေသတွေရဲ့အားလုံးကိုပျက်ဆီးစေတဲ့ သူတို့ရွှေသတ္တုတွေထုတ်ပြီးသွားတဲ့နောက်မှာ ပျက်ဆီးနေတဲ့ လယ်ယာမြေဧကတွေမကဘဲ မူးယစ်ဆေးဝါးကြောင့်ပျက်ဆီးနေတဲ့ လူငယ်တွေက ကျနော်တို့ဒေသတွေမှာ ကျန်နေခဲ့ပါတယ်"
ချင်းတွင်းမြစ်အထက် မြစ်ရိုးတလျောက်မှာ တရားဝင်ကုမ္ပဏီနဲ့ တရားမဝင် ရွှေတူးဖော်နေတဲ့ ကုမ္ပဏီ ၁၀၀ ကျော်ရှိပြီး ရွှေမိုင်းတွေက စွန့်ပစ်တဲ့ရေတွေကြောင့် ဒေသခံတွေပိုင်တဲ့ ဥယျာဉ်နဲ့ လက်ဖက်စိုက်ခင်းဧက ၃ထောင်ကျော် နုန်းရေဝင်တာကြောင့် ပျက်စီးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပျက်စီးသွားတဲ့ မြေတွေအတွက် ကုမ္ပဏီတွေဘက်က လျော်ကြေးမပေးတာကြောင့် လျော်ကြေးပေးဖို့ လယ်ယာမြေတွေကို အရင်အတိုင်း ပြန်လည်ပြုပြင်ပေးဖို့၊ စီမံကိန်းတွေ ဆောင်ရွက်မယ်ဆိုရင် ဌာနေတိုင်းရင်း သားတွေ သဘောထားရယူဖို့၊ ရွှေတူးဖော်တဲ့ကုမ္ပဏီ အမြန်ဆုံးထွက်ခွာဖို့ ဟုမ္မလင်းမြို့နယ် နန်းဥတီ၊ အော်တော်၊ မန်လီ၊ ကူကီးမိုင်းတောင်၊ မိုလွန်၊ နောင်ပင်စတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတွေက တောင်းဆိုတဲ့ ကြေညာချက် လည်း ထုတ်ပြန်လိုက်ပါတယ်။
ရွှေတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်ဖို့အတွက် ဒေသခံ ၃ထောင်ကျော် လက်မှတ်ရေးထိုးပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံ စာရေးသားပေးပို့ တောင်းဆိုသွားမယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။