ကျပ်ငွေတန်ဖိုးထိုးဆင်းလို့ တရုတ်နယ်စပ်မှာ ကျပ်ငွေဝယ်ယူမှု ယာယီရပ်နား
2022.08.31
ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေလို့ မြန်မာ - တရုတ်နယ်စပ်မှာ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အများစုက မြန်မာကျပ်ငွေကို မဝယ်ယူတော့ဘဲ ခေတ္တ ရပ်နားထားကြတယ်လို့ နယ်စပ်ငွေလဲ လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ယခင်ရက်က လဲထားတဲ့ မြန်မာကျပ်ငွေနဲ့ နောက်ရက်မှာ တရုတ်ယွမ်ငွေကိုပြန်ဝယ်ဖို့ မဖြစ်နိုင်တာကြောင့် အခုလို ရပ်နားထားတာလို့ တရုတ်နိုင်ငံ ရွှေလီမြို့က ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူ မလုဆိုင်က ပြောပါတယ်။
“ဒီမနက်အထိက တချို့နေရာတွေမှာ မြန်မာကျပ်ငွေတစ်သိန်းကို ၂၀၀ နဲ့ ၂၀၃ ယွမ်ပေါက် တယ်။ ယွမ်ငွေလို ချင်ရင်တော့ တစ်သိန်းကို ၁၈၀ ယွမ်ပဲရတာ။ ဆိုတော့ ဘယ်သူမှ မြန်မာကျပ်ငွေ မယူကြတော့ဘူး။ ရှုံးလို့လေ။ ဒီနေ့ဝယ်ထားပြီး နောက်ရက်ဆို ရှုံးတာပဲ”
ဒီကနေ့ တစ်ရွက်ကို ကျပ် ၅၀၀ နှုန်းပေါက်နေပြီး နောက်ရက်တွေမှာ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်တယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။
မြန်မာ - တရုတ် နယ်စပ်ဈေးကွက်မှာ တရုတ်ယွမ်ဝယ်ယူမှု နေ့စဉ်များပြားနေသလို တရုတ် ယွမ်ငွေ ကိုင်ထားသူတွေကလည်း ပြန်ထုတ်မရောင်းဘဲ သိမ်းထားကြတယ်လို့ ဆိုပါတယ်။
တရုတ်နယ်စပ်မှာ ဩဂုတ်လဆန်းပိုင်းက တစ်ယွမ်ကို မြန်မာငွေ ၃၂၀ ကျပ်ဝန်းကျင်ရှိခဲ့တာပါ။ သြဂုတ်လ ၃၁ ရက် ဒီကနေ့မှာ တရုတ်ငွေတစ်ယွမ်ကို မြန်မာကျပ်ငွေ ၅၀၀ ဝန်းကျင်အထိ မြင့်တက်လာတာကြောင့် တရုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး မြန်မာနိုင်ငံအတွင်း ပြန်လည် တင်ပို့ရောင်းချတဲ့ ကုန်သည်အများစုလည်း သူတို့လုပ်ငန်းတွေ ရပ်ဆိုင်းထားကြတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။